မန္တလေးမှာ ဇန်နဝါရီလအတွင်း လူငယ် ၂၄၀ နီးပါး ဖမ်းဆီးခံရ

RFA Burmese
2025.02.04
မန္တလေးမှာ ဇန်နဝါရီလအတွင်း လူငယ် ၂၄၀ နီးပါး ဖမ်းဆီးခံရ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန်းမြန်မာစျေးချိုပလာဇာရှေ့ မြင်ကွင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် တွေ့ရစဉ်။
Photo: RFA

မန္တလေးမြို့မှာ ဇန်နဝါရီလတစ်လအတွင်း လူငယ် ၂၃၇ ဦးထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံရတယ်လို့ မန္တလေးသပိတ်အင်အားစုက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီး စတဲ့ မြို့နယ်ခုနစ်ခုမှာ ဖမ်းဆီးခံရတာပါ။

ဒီတစ်ခေါက် ဖမ်းဆီးခံရသူတွေထဲမှာ လူငယ်အမျိုးသားအများစုအပြင် အမျိုးသမီးနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတချို့လည်း ပါဝင်တယ်လို့ မန္တလေးသပိတ်အင်အားစု တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီတစ်ခေါက်မှာ အမျိုးသမီး ခြောက်ယောက် ပါတယ်။ လက်ရှိ အတည်ပြုနိုင်တဲ့ အနေအထားပေါ့။ အရင်တုန်းက ညတွေမှာ ဧည့်စာရင်းစစ်တာမျိုးနဲ့ ဆွဲတယ်။ ညသန်းခေါင် ဝင်ဆွဲတာမျိုး အရင်တုန်းက အဲဒီအခြေအနေတစ်ခုပဲ ရှိတယ်။ အခုအခြေအနေမှာက မြို့ပေါ်လမ်းတွေမှာ အစစ်ခံရပြီး ပါသွားမျိုးတွေ ရှိလာတယ်။ အဲဒီလိုပါသွားတဲ့ တချို့ဟာတွေဆိုရင် ကျွန်တော်တို့ အချက်အလက် မရလိုက်တာတွေ ရှိတယ်"

ဖမ်းဆီးခံရတဲ့ အမျိုးသမီး ခြောက်ဦးဟာ အသက် ၂၀ နဲ့ ၄၀ ကြားအရွယ်တွေ ဖြစ်ပြီး ပြန်လွတ်လာတာမရှိဘူးလို့ သူက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတာကြောင့် ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်ထားတယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေတာကြောင့် လူငယ်တွေအနေနဲ့ ညအချိန် ပြင်ပကို မသွားလာဖို့၊ မလိုအပ်ဘဲ ခရီးမထွက်ကြဖို့နဲ့ ပျော်ပွဲရွှင်ပွဲတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ မန္တလေးသပိတ်အင်အားစုက တိုက်တွန်းပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း မန္တလေးမြို့မှာ လူငယ် လေးရာနီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၉) အထိ ဖွင့်လှစ်ထားပြီး စစ်သင်တန်းတက်နေသူတွေအထဲ အတင်းအကျပ် ဖမ်းဆီးခံရသူတွေလည်း ပါဝင်တယ်လို့ စစ်မှုထမ်းအခြေအနေ စောင့်ကြည့်လာသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။