ထိုင်းမှာဖမ်းဆီးခံရသူတွေပြန်လွှဲတဲ့အပေါ် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ညှိနှိုင်းနေကြောင်း NUG ပြော
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့မှာ ဆေးကုသဖို့ရောက်နေချိန် အဖမ်း ခံလိုက်ရတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေကိစ္စအပါအဝင် အလားတူကိစ္စတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဖမ်းခံခဲ့ရတဲ့ Lion Battalion ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာ၀န်ခံ ကိုထက်နေ၀င်းနဲ့ စောဖြိုးလေးတို့ကို ဧပြီလ ၄ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက မြန်မာဘက်ကို လွှဲပြောင်းပြီးနောက် တချို့ သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ် နေပေမယ့် RFA အနေနဲ့ အတည်မပြုနိုင်ပါဘူး။
ဒီကိစ္စအပေါ် ထိုင်းအာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်ကို ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။
အဲဒီလုပ်ရပ်ဟာ စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်ရက်စက်မှုတွေအပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံအတွင်းကို ရွှေ့ပြောင်းခိုလှုံနေရတဲ့ နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတယ်လို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိလို့ ဒီလိုကိစ္စတွေအပေါ် အထူးအလေးထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်းနေတာလို့ NUG က ဆိုပါတယ်။
ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်းနေတာလဲဆိုတာကိုတော့ တိတိကျကျ မဖော်ပြထားပါဘူး။
ထိုင်းအခြေခံလူတန်းစားပါတီ (Commoners' Party) ကလည်း ထိုင်းအာဏာပိုင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကို မြန်မာဘက် ပြန်လွှဲပေးလိုက်တာဟာ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့ ဧပြီ ၈ ရက် နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
မြန်မာဘက်ကို ပြန်လွှဲခံလိုက်ရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးရဲ့အခြေအနေ တိတိကျကျကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။