မုံရွာမှာ ဒေသခံ ငါးဆယ်ခန့် ဆက်လက်ဖမ်းဆီးခံထားရ

RFA Burmese
2025.01.04
မုံရွာမှာ ဒေသခံ ငါးဆယ်ခန့် ဆက်လက်ဖမ်းဆီးခံထားရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်ဆေးရေးဂိတ်တစ်နေရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံမရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးခံရတဲ့ ဒေသခံ ငါးဆယ်ခန့်ဟာ ဇန်နဝါရီလ ၅ ရက်နေ့အထိ ပြန်လွတ်လာတာမရှိသေးဘူးလို့ မုံရွာမြို့ခံတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ကံမရွာ စီးနင်းခံရပြီးနောက် နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးတဲ့အပြင် ဒေသခံ တစ်ရာကျော်လည်း ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ငါးဆယ်ခန့်ကို ဆက်လက်ဖမ်းဆီးထားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ စစ်ကြောင်းနဲ့အတူ မုံရွာမြို့ပေါ်မှာရှိနေပြီး ငွေကြေးနဲ့ ပြန်ရွေးယူဖို့ စစ်ကောင်စီတပ်ဘက်က ပြောဆိုတာရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဇန်နဝါရီလ ၂ ရက်နေ့ ည ၉ နာရီလောက်က စဝင်ပြီးတော့ ည ၁၁ နာရီလောက် မီးရှို့တယ်။ ရှို့ပြီးတော့ သူတို့ Faw ကားနှစ်စီးနဲ့ ဆိုင်ကယ်ကောင်းတာတွေ အကုန်တင်သွားတယ်ဗျ။ အစီး သုံးဆယ်လောက် ပါသွားတယ်။ ဓားစာခံလည်း တစ်ရာလောက် ခေါ်သွားတာကို ငါးဆယ်လောက် ပြန်လွှတ်တယ်။ ကျန်တဲ့ငါးဆယ်ကတော့ ရွေးရမယ်ဆိုပြီး ပြောတယ်"

ကံမရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကြောင်းထိုးစီးနင်းခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရတဲ့အထဲမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တွေ ပါဝင်သလို၊ ကိုယ်ဝန်ဆောင် သုံးဦးနဲ့ သက်ကြီးရွယ်အို ဆယ်ဦးခန့် ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း တာဝန်ရှိသူတစ်ဦးကတော့ အခုဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ အသေးစိတ်ပြောတာမရှိပေမဲ့ ကံမရွာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်တဲ့ရွာဖြစ်ပြီး မုံရွာမြို့က ဒေသခံတွေကို မကြာခဏ ဖမ်းဆီးငွေတောင်းမှုတွေရှိတဲ့ ရွာတစ်ခုဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

မုံရွာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ကံမရွာမှာ ဒီလိုဖြစ်စဉ်တွေ မရှိတဲ့အကြောင်း RFA ကို တုံ့ပြန်ပြောကြားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း မုံရွာမြို့ အရှေ့ဘက်ပိုင်းက နိဗ္ဗာန်ဝ၊ ကျီးအုပ်၊ ဗန်စီ၊ ခေတ္တကန် စတဲ့ရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သား ၇၀ ခန့် ဖမ်းဆီးခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ပြန်လွှတ်ပေးခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။