မလေးရှားက မြန်မာ့အရေးလှုပ်ရှားသူ တစ်မိသားစုလုံး ပြန်ပေးဆွဲဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ အခြေစိုက်တဲ့ မြန်မာအလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါ်သူဇာမောင်တို့ တစ်မိသားစုလုံး ဖမ်းဆီးခံလိုက်ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ထုတ်ပြန်ပါတယ်။

မြန်မာ့အရေးလှုပ်ရှားသူ ဒေါ်သူဇာမောင်နဲ့ ခင်ပွန်းဖြစ်သူ ဦးစောသန်းတင်ဝင်းနဲ့ ဆယ်ကျော်သက်အရွယ် သားသမီးတွေဖြစ်တဲ့ အောင်မြင့်မောင်၊ သုခမောင်နဲ့ ပိုးခင်မောင်တို့ ငါးယောက်စလုံး ဇူလိုင်လ ၄ ရက်နေ့က ကွာလာလမ်ပူမြို့ နေအိမ်မှာရှိနေချိန် အမည်မသိလူတစ်စုက လာရောက်ပြန်ပေးဆွဲ ဖမ်းဆီးသွားတာကို အိမ်မှာတပ်ထားတဲ့ လုံခြုံရေးကင်မရာတွေ၊ မျက်မြင်သက်သေတွေကနေတစ်ဆင့် သိရှိရတယ်လို့ ဆိုပါတယ်။

လာရောက်ပြန်ပေးဆွဲသူတွေဟာ ရဲတွေလို့ပြောပြီး သူတို့နေတဲ့ အိမ်ယာထဲကိုဝင် ဖမ်းဆီးသွားတာဖြစ်ကြောင်းနဲ့ ဖမ်းဆီးခံရချိန်အတွင်း ဒေါ်သူဇာမောင်က မိတ်ဆွေသူငယ်ချင်းတစ်ယောက်ဆီ ဖုန်းပြောခဲ့ပေမယ့် အခုတစ်မိသားစုလုံးရဲ့ ဖုန်းတွေလည်း ဆက်သွယ်လို့မရဖြစ်နေကြောင်း HRW ရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

သူတို့မိသားစုပြန်ပေးဆွဲခံရတာနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရအနေနဲ့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းဦးစားပေးလုပ်ဖို့ HRW အဖွဲ့က တောင်းဆိုပါတယ်။

သူတို့ မိသားစုဟာ အစီအစဉ်တကျ လုပ်ကြံပြန်ပေးဆွဲခံရတာဖြစ်တာကြောင့် သူတို့ရဲ့ လုံခြုံရေးစိုးရိမ်တယ်၊ မလေးရှားအစိုးရအနေနဲ့ ဒီမိသားစုရဲ့ အသက်လုံခြုံရေးအတွက် အရေးတကြီး ဆောင်ရွက်သင့်တယ်လို့ HRW အာရှရေးရာ ဒါရိုက်တာကလည်း ပြောပါတယ်။

မြန်မာနိုင်ငံတွင်း အစ္စလာမ်ဘာသာဝင်တွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် ၂ဝ၁၅ ခုနှစ်မှာ ဒေါ်သူဇာမောင်တို့ မိသားစု မလေးရှားကို ပြောင်းရွှေ့ အခြေချ နေထိုင် လာတာဖြစ်ပြီး၊ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ အသိအမှတ်ပြုလက်မှတ်နဲ့ နေထိုင်နေတာလို့ HRW ကပြောပါတယ်။