နတ်မောက်မြို့နယ် ကျောက်အိုးရွာ ဒေသခံ နှစ်ဆယ်ကျော် ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်အိုးရွာကို ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား နှစ်ဆယ်ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန်မှာ မပြေးနိုင်လို့ကျန်ခဲ့တဲ့ အရပ်သားတွေ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား ၆၀ နီးပါးဟာ ကျောက်အိုးရွာစာသင်ကျောင်းမှာ တပ်စွဲထားပြီး ရွာထဲကနေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အဓိက ဖမ်းခံထားရတဲ့သူတွေက သက်ကြီးရွယ်အိုတွေပေါ့။ စစ်ကြောင်းဝင်လာတယ် ဆိုတော့ မပြေးနိုင်၊ မလွှားနိုင်တဲ့သူတွေ ကျန်နေခဲ့တော့ အဲဒီလူတွေကို ခေါ်ထားတာပါ။ စာသင်ကျောင်းမှာပဲ အကုန်လုံးကိုစုပြီး ဖမ်းထားတယ်လို့ ယူဆလို့ရတယ်။ ဖမ်းခံထားရတဲ့ နာမည်တွေနဲ့ လူတွေကို အတိအကျသိရဖို့ ခက်နေပါတယ်"

ဖမ်းဆီးခံရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

ရွာတွေကို စစ်ကောင်စီတပ်တွေ စီးနင်းဝင်ရောက်တာနဲ့ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကျောက်အိုးရွာဟာ အိမ်ခြေ လေးရာကျော်နဲ့ လူဦးရေ တစ်ထောင်ကျော် နေထိုင်ပါတယ်။ လက်ရှိမှာ ဒေသခံတွေဟာ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ စာရင်းအရ အာဏာသိမ်းပြီးနောက် မကွေးတိုင်းက ဒေသခံ ၂၀၅,၄၀၀ ဦး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။