ကလေးမြို့မှာ နှစ်ပတ်အတွင်း လူငယ် ငါးဦး အဖမ်းခံရ

လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အခုရက်ပိုင်း ဖမ်းဆီးစစ်ဆေးမှုတွေပိုများလာပြီး ဇွန်လ ၁ ရက်ကနေ ၁၄ ရက်အထိ နှစ်ပတ်အတွင်း လူငယ်ငါးဦး အဖမ်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်လမ်းအပါအ၀င် လမ်းဆုံလမ်းခွတိုင်းမှာ ရဲနဲ့ စစ်သားတချို့ နေ့စဉ်စောင့်ကြပ်ပြီး လူငယ်တွေကို အဓိကထား စစ်ဆေး ဖမ်းဆီးနေတာလို့ ပြောပါတယ်။

ညဘက်တွေမှာလည်း ရပ်ကွက်ထဲက လူနေအိမ်တွေကို ဧည့်စာရင်းဝင်စစ်ပြီး သံသယရှိတာနဲ့ ဖမ်းဆီးစစ်ဆေးနေတာကြောင့် နှစ်ပတ်အတွင်း ကလေးမြို့ပေါ် ရပ်ကွက်တွေက ကိုပေါင်ဆွမ်းခွလ်၊ မစုစုဝင်း၊ မသီရီလင်း၊ မမယ်ရီဆန်းနဲ့ ကိုနိုင်ထွေးတို့ ငါးဦး အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူငယ်တွေကို အဓိကထားစစ်ဆေးနေပြီး နိုင်ငံရေးနဲ့ ပတ်သက်တယ်လို့ သံသယရှိတာနဲ့ ချက်ချင်းဖမ်းဆီးစစ်ဆေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံ တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"စစ်ကောင်စီတပ်တွေက ကလေးမြို့မှာ နေ့တိုင်းပုံမှန်ပဲ ရှောင်တခင်စစ်ဆေးမှုတွေ လုပ်တယ်။ လူငယ်တွေကိုပေါ့ အဓိက။ ဆိုင်ကယ်နဲ့လာတဲ့ လူငယ်တွေကို စစ်ဆေးတယ်၊ ဖုန်းတွေကို အဓိကစစ်တယ်။ သူတို့ နိုင်ငံရေးနဲ့ ပတ်သက်တာ၊ မသင်္ကာတာနဲ့ တစ်ခါတည်း ဖမ်းသွားတာ"

ကလေးမြို့ သပိတ်အဖွဲ့ကတော့ အဖမ်းခံရသူတစ်ဦးချင်းစီရဲ့ အသက်အရွယ်အတိအကျ သိရဖို့ စုံစမ်းနေဆဲဖြစ်ပြီး ပျမ်းမျှအားဖြင့် အသက် ၂၀ ကျော်အရွယ် လူငယ်တွေလို့ ပြောပါတယ်။ သူတို့ငါးဦးကို ကလေးမြို့မှာရှိတဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) စစ်ကြောရေးစခန်းကို ဖမ်းခေါ်သွားတယ်လို့ ပြောပါတယ်။

ဒေသခံတချို့ကတော့ ကလေးမြို့က ရဲနဲ့ စစ်သားတွေဟာ လမ်းသွားလမ်းလာမှန်သမျှကို စစ်ဆေးမေးမြန်းရုံမက နည်းမျိုးစုံနဲ့ ပြဿနာရှိပြီး ငွေကြေးတောင်းခံလေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။

ကလေးမြို့က လူငယ်တွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။ ဒီကိစ္စအသေးစိတ်သိနိုင်ဖို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ ကလည်း အသက် ၂၉ နှစ်အရွယ် ဆလိုင်းရမ်လျန်ပန်ဟာ တာဟန်းရပ်ကွက်ကနေ တောင်ဖီလာရပ်ကွက်ကို ဆိုင်ကယ်နဲ့အသွား လမ်းခုလတ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် တစ်ပတ်ကျော်အကြာ ဇွန်လ ၇ ရက်နေ့မှာ အလောင်းလာယူဖို့ အာဏာပိုင်တွေက မိသားစုကို အကြောင်းကြားခဲ့ပါတယ်။

ဒါကြောင့် အခုအဖမ်းခံထားရတဲ့ လူငယ် ငါးဦးအတွက်လည်း စိုးရိမ်ပူပန်မိတယ်လို့ ဒေသခံတွေ၊ မိသားစုနဲ့နီးစပ်သူတွေ၊ သပိတ်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၁၃ ရက် နေ့ထိ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၃၆၅၉ ဦး အသက်ဆုံးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က‌တော့ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၃၈၁၈ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ NLD ပါတီဝင် ၉၃ ဦး ပါဝင်ကြောင်း ဇွန်လ ၁၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။