ဝက်လက်နဲ့စဥ့်ကူးမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တွေမှာ ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နောက်ထပ်ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စဥ့်ကူးမြို့နယ် ထုံးကြီးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ရွာနဲ့ ခုနစ်မိုင်ပတ်လည်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား သေဆုံး၊ ထိခိုက်မှုတွေ ရှိခဲ့တာလို့ ဆိုပါတယ်။

ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးရွာမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အသက် ၃၇ နှစ်အရွယ် ဒေါ်ခင်သန္တာလင်း သေဆုံးပြီး အသက် ၆၀ အရွယ် ဒေါ်လှလေး ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စဥ့်ကူးနယ်ထဲက ထုံးကြီးကနေပစ်လိုက်တဲ့ ၁၂၀ မမ ကျည်က ရွာထဲကိုကျတာဗျ။ ဆေးရုံနဲ့ စာသင်ကျောင်းနားမှာကျတာ။ လက်နက်ကြီးအစတွေမှန်လို့ တစ်ဦးက ပွဲချင်းပြီးသေတယ်။ နောက်တစ်ဦးကလည်း ကျောတွေမှာ ဒဏ်ရာရလိုက်တာ”

စဥ့်ကူးမြို့နယ် ဘုံသာကုန်းရွာမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဧပြီလ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကူးတို့ကုန်းရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။