ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ မုန်းမြို့နယ်မှာ နိုဝင်ဘာလ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး ထွက်ပြေးနေရတဲ့ ဒေသခံ ရှစ်ထောင်နီးပါးရှိလာပြီလို့ KNU က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (၃၀၇) က ပစ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ပျဉ်းမပင်ရွာအနီး လမ်းပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပျဉ်းမပင်ကနေ လက်တက်ကြီးရွာကို စပါးရိတ်ဖို့သွားတဲ့ ပျဉ်းမပင်ရွာသား အသက် ၄၅ နှစ်အရွယ် တီးသဝါးကို ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
လက်နက်ကြီးအပြင် လေကြောင်းပစ်ခတ်မှုနဲ့ စစ်ကြောင်းပါ ဆက်တိုက်ထိုးနေတာကြောင့် နိုဝင်ဘာလ ၄ ရက် ဒီနေ့အထိ ရေလဲ၊ သောင်ကြီး၊ ကျီးပင်ပေါက်၊ ဝက်တူး၊ သင်္ကန်းပင်၊ ပျဉ်းမပင်၊ ဥသျှစ်ကုန်း၊ ရေတွင်းကုန်းကြီး၊ သပြေကုန်း၊ ကင်မွန်းခြုံ၊ ဝက်တူး(အနောက်)၊ ကွေ့တန်းရှည် စတဲ့ရွာတွေကနေ ထွက်ပြေးရသူ ရှစ်ထောင်နီးပါး (၇၈၆၀ဦး) ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းမှာ ဝက်တူးအနောက်ဘက်ကမ်း ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး နေ့၊ ညမပြတ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ရွာတွေဆီ မပြန်နိုင်သေးဘူးလို့ မုန်းမြို့အခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"ဘယ်လိုအခြေအနေ လာဦးမလဲဆိုတာတော့ မသိဘူး။ သူတို့(စစ်ကောင်စီတပ်)က ပြန်မဆုတ်ဘူး၊ ရှေ့ဆက်တိုးတာပဲ။ ရှေ့ဆက်တိုးတာဆိုတော့ နှစ်ဖက်ထိတွေ့မှုတွေ ထပ်ဖြစ်ဦးမှာပဲ။ သူတို့က စစ်ကြောင်းထိုးတော့မယ်ဆိုရင် လက်နက်ကြီးအရင်ပစ်တယ်။ လေယာဉ်နဲ့လည်းပစ်တယ်။ လက်နက်ကြီးကတော့ နေ့တိုင်းထုတယ်။ မနက်ပိုင်းလည်း ထုတယ်။ ညပိုင်းလည်း ထုတယ်။ အခု ရွာသားတွေ အကုန် ပြေးနေရတယ်။ ပျဉ်းမပင်မှာဆိုရင် ရွာမှာကျန်ခဲ့တဲ့ ဆိုင်ကယ်တွေ အကုန် သိမ်းသွားတယ်။ ပစ္စည်းတွေရော သိမ်းသွားတယ်။ ထွက်ပြေးတော့ ဘာမှ မယူနိုင်ကြဘူးလေ"
နိုဝင်ဘာ ၂ ရက်ကလည်း မနက် ၇ နာရီကစပြီး တစ်ရက်လုံးနီးပါး ခြေမြန်တပ်ရင်း (၄၃၉) တပ်ကနေ ရွာတွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဝက်တူးရွာက သံဃာတော်တစ်ပါး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေပါ ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
အဲဒီနေ့ညနေ ၆ နာရီခန့်မှာလည်း ကညွတ်ကွင်းအရှေ့ ဝက်တူးရွာအနားကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ နိုဝင်ဘာလ ၄ ရက်နေ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး.။
ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တွေထဲမှာလည်း အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်းသုံးသောင်းနီးပါးအထိ (၁၂၆,၉၀၀) ရှိနေပါတယ်။
KNU ရဲ့ စာရင်းတွေအရ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော် အထိရှိနေပြီလို့လည်း KNU ပြောခွင့်ရ ပဒိုစောတောနီးက RFA ကို ပြောဆိုထားပါတယ်။