ကျိုက်ထိုမှာ လက်နက်ကြီးကြောင့် ဒေသခံခြောက်ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးရွာက နေအိမ်ပေါ်ကို မေလ ၃၁ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဒီ‌နေ့ပြောပါတယ်။

အသက်ခြောက်နှစ်အရွယ် မယွန်းရတီထွန်း၊ အသက် ၁၅ နှစ်အရွယ် မောင်သိမ်းပိုက်စိုးစံ၊ အသက် ၁၃ နှစ်အရွယ် မြင့်မြတ်လင်း၊ အသက် ၃၃ နှစ်အရွယ် ဦးစောထွန်း၊ အသက် ၃၇ နှစ်အရွယ် ဦးထွန်းထွန်းလင်းနဲ့ အသက် ၃၀ နှစ်အရွယ် ဒေါ်ဝင်းစန္ဒာမြင့်တို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီးကျည်ကို ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားရွာအခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂) တပ်ရင်းကပစ်တာလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

"ဒရုန်းနဲ့သွားပစ်လို့ ပြန်ပြီး ရွာထဲပစ်ချတာပါ။ သူတို့လုပ်နေကြပါ။ ဘိုက္ကားတပ်ရင်းက ပစ်တာ"

စစ်ကောင်စီတပ်တွေအနေနဲ့ အပြစ်မရှိတဲ့ပြည်သူတွေကို ပစ်မှတ်ထားတာမျိုး မလုပ်သင့်ဘူးလို့လည်း ဆိုပါတယ်။

ဒေသခံတွေကတော့ လက်နက်ကြီးကျည်ဘယ်ကပစ်တယ်ဆိုတာ အတိအကျမသိကြသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးတိုးဝင်းကတော့ လက်နက်ကြီးကို ရန်သူ့ဘက်ကပစ်တာဖြစ်ပြီး စစ်တပ်အနေနဲ့ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်စရာ အကြောင်းမရှိဘူးလို့ RFA ကို ငြင်းဆိုပါတယ်။

ထိခိုက်ဒဏ်ရာသူတွေကတော့ လက်ရှိ ကျိုက်ထိုပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၃၆၁၄ ဦး သေဆုံးခဲ့ပါတယ်။