AA ထိန်းချုပ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်
2025.01.17

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ကပ်လျက်ရှိနေတဲ့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်က ရွာတွေကို စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက ဇန်နဝါရီ ၁၆ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တချို့ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ ကျွဲထိုး၊ အောင်ဇေယျနဲ့ ကံချောင်းစတဲ့ ရွာတွေ အပါအဝင် စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ် အနီးအနားနေရာတွေကို လက်နက်ကြီး အမြောက်အမြား ပစ်ခတ်တာကြောင့် နေအိမ်ကိုးလုံး မီးလောင်ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က လက်နက်ကြီးတွေ တောက်လျှောက် ပစ်တာပေါ့။ စစ်တွေဘက်ကနေ ပစ်တာ။ ဒကစ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ်) ကလည်း ပစ်တယ်။ ရွှေမင်းဂံ ရေတပ်စခန်းကလည်း ပစ်တယ်။ ရွာတွေမှာ ကျတယ်။ အဓိက ကတော့ စပါးထားရွာမှာ ကျတယ်။ လောလောဆယ် ကျွန်တော်တို့ သိသလောက်တော့ လက်နက်ကြီးထိလို့ နေအိမ် ကိုးဆောင် (ကိုးလုံး) လောက် မီးလောင်သွားတယ်လို့ သိရတယ်”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တစ်ခုတည်းသာ ကျန်ရှိတော့တဲ့ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်တာကြောင့် စစ်တွေမြို့မှာ စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်ထားသလို စစ်အင်အားတွေလည်း အများအပြား ဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နယ်အစပ်မှာရှိတဲ့ ရွာတွေကို ဂျက်တိုက်လေယာဥ်နဲ့ မကြာခဏ ဗုံးကြဲတာတွေရှိသလို လက်နက်ကြီးနဲ့ နေ့စဥ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်တွေမြို့နယ် ဝါဘိုရွာကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံတွေဟာ အရင်ကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ တစ်နှစ်ကျော်အတွင်း မြို့နယ် ၁၇ မြို့နယ်ထဲက မြို့နယ် ၁၄ မြို့နယ်အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် သုံးမြို့နယ်သာ ကျန်ရှိပါတော့တယ်။