လက်နက်ကြီးကြောင့် သီပေါမြို့မှာ ဒေသခံတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် စံဖိတ်ရပ်ကွက်ထဲကို နိုဝင်ဘာလ ၂၂ ရက် ဒီနေ့မနက်ပိုင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ပရိဘောဂလုပ်နေတဲ့ နေအိမ်က အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျင်သီတံတားအနီးမှာ တိုက်ပွဲဖြစ်ချိန် လက်နက်ကြီးကျည် ရွာထဲ ကျရောက် ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနက်က ကျင်သီရွာတံတားနားမှာ တိုက်ပွဲဖြစ်တာ။ လက်နက်ကြီးက သီပေါ မြို့အထွက်မရောက်ခင် စံဖိတ်တံတားနားမှာ လာကျတာ။ ပရိဘောဂလုပ်နေတဲ့ အိမ်ကလူတွေထိ သွားတာ။ ကိုဉာဏ်ဌေးဆိုတဲ့လူက ဆေးရုံရောက်တဲ့အချိန်မှာ ဆုံးသွားတာ"

ဒဏ်ရာရတဲ့ အမျိုးသား သုံးဦးကတော့ ခြေထောက်နဲ့ ခါးတွေမှာ ထိခိုက်ထားပြီး သီပေါဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံကဆိုပါတယ်။

ဘယ်အဖွဲ့ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆိုတာကိုတော့ တိတိကျကျ မသိရပေမယ့် ဒီမနက်တိုက်ပွဲဖြစ်ချိန် သီပေါမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ခန်းတွေက လက်နက်ကြီးနဲ့ မြို့အထွက်ဘက်တွေကို ပစ်ခတ်ခဲ့တာရှိတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

စံဖိတ်ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက်ပိုင်း သီးပေါမြို့မှာရှိတဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်တွေအားလုံး ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က လည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဘက်ကတော့ ဒီမနက် ကျင်သီတံတားအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ ထုတ်ပြန်ထားပြီး အရပ်သားတွေ လက်နက်ကြီးထိမှန်တဲ့ အခြေအနေကိုတော့ ဖော်ပြထားတာမရှိပါဘူး။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ကျင်သီတံတားရဲကင်းစခန်းကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်ခဲ့သလို ကျောက်မဲနဲ့ သီပေါမြို့ကို ဆက်သွယ်ထားတဲ့ ကျင်သီတံတားကိုပါ ဖျက်ဆီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက်ထားတာပါ။

နိုဝင်ဘာလ ၂၂ ရက် ဒီနေ့မှာလည်း လောက်ကိုင်မြို့အထွက်မှာ လက်နက်ကြီးကျည်ကျလို့ နေရပ်ပြန်မယ့် မြန်မာလုပ်သား အနည်းဆုံးခြောက်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မူဆယ် (၁၀၅) မိုင် အောက်နမ့်ဟွယ် ဘုန်းကြီးကျောင်းမှာလည်း ဒီနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ သံဃာတစ်ပါး ဒဏ်ရာရခဲ့ပါတယ်။

ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့တွေရဲ့စာရင်းအရ စစ်ဆင်ရေးစတဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ကနေ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ နောင်ချို၊ သီပေါ၊ သိန္နီ၊ ကွမ်းလုံ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ဆယ်ဦးအပါအဝင် အရပ်သား ငါးဆယ်ကျော် သေဆုံးခဲ့ပြီး ခုနစ်ဆယ်နီးပါး ဒဏ်ရာ ရခဲ့ပါတယ်။