လွိုင်လင်လေးမှာ လက်နက်ကြီးကြောင့် ကလေးနှစ်ဦး သေဆုံး

RFA Burmese
2025.01.10
လွိုင်လင်လေးမှာ လက်နက်ကြီးကြောင့် ကလေးနှစ်ဦး သေဆုံး တိုက်ပွဲများကြောင့် ထွက်ပြေးကြရသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ဒေသခံများအား ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
Facebook/ Karenni Free Burma Rangers

ကယားပြည်နယ်၊ လွိုင်လင်လေးမြို့၊ အိုက်စမ်းရွာမှာ ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးပြီး ၅ လအရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ KNDF က ပြောပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၅၃၀) တပ်က လွိုင်လင်လေးနဲ့ ဆီဆိုင်မြို့ကြားမှာ ရှိတဲ့ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာလို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေး တာဝန်ခံ ကိုတာအဲစိုးက RFA ကို ပြောပါတယ်။

"မနေ့က ပိန်းချစ်ကျေးရွာအုပ်စု အိုက်စမ်းရွာကို ၅၃၀ တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁၂ နှစ်အရွယ် နှစ်ယောက်သေဆုံးခဲ့တယ်။ ၅ လသား ကလေးငယ်တစ်ယောက် လက်ဖဝါးမှာ ထိခိုက်ပြီး ၃၀ ကျော် အမျိုးသမီးတစ်ယောက်ကတော့ ရင်ဘတ်နားမှာ ထိခိုက်ခဲ့တယ်။ ဒဏ်ရာရသူတွေက ဆေးကုသမှု ခံယူနေပါတယ်"

ရှမ်း-ကယား အစပ် ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူရွာက စစ်ကောင်စီတပ်နဲ့ ပအိုဝ်း ပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့က တပ်စွဲထားတဲ့ တပ်စခန်းတစ်ခုကို ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာ ကရင်နီ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ကလည်း ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။