မတ္တရာမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ

RFA Burmese
2024.11.08
မတ္တရာမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟင်္သာကုန်းရွာမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး စာသင်ကျောင်း ပျက်စီးသွားသည်ကို တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟင်္သာကုန်းရွာကို နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မတ္တရာမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ နေရာမှာတင် သေဆုံးခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆုံးသွားတာ နှစ်ဦး၊ ဒဏ်ရာရတာ ငါးဦးပေါ့နော်။ ဒဏ်ရာရတဲ့အထဲ အမျိုးသမီး နှစ်ဦး၊ အမျိုးသား သုံးဦး ပါတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ လက်တို့၊ ခေါင်းတို့ အစတွေ ထိဝင်ထားတာပေါ့။ သေချာလေး ဆေးကုသမှုပေးနေပါတယ်လို့ သိထားပါတယ်"

ဟင်္သာကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးထိခိုက်သူတွေရဲ့ ကိုယ်ရေးအချက်အလက်အသေးစိတ်ကိုတော့ ဖုန်း၊ အင်တာနက်လိုင်း အခက်အခဲကြောင့် မသိရသေးဘူးလို့ သူက ပြောပါတယ်။

ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မတ္တရာမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းယူထာတဲ့ တပ်စခန်းတွေကို စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ဖို့အတွက် ဩဂုတ်လ ဒုတိယအပတ်ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ကူပေးတာရှိသလို ရွာတွေအတွင်းက ဒေသခံတွေ ခိုလှုံနေတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

"နေ့တိုင်းလိုလိုက ထိတွေ့မှုက ဖြစ်နေတယ်။ သူတို့ဖက်ကလည်း လက်နက်ကြီး၊ လေကြောင်းနဲ့ ကျေးရွာတွေကို ရမ်းသန်းပြီးတော့ နေတာပေါ့။ အဓိကတော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထားပြီး ပစ်နေတာ။ အဲဒီနေရာတွေက စစ်ရှောင်ပြည်သူတွေ အများစုနေတဲ့ နေရာတွေပေါ့"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ကိုးပင်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် အရပ်သား သေဆုံးမှု ဘယ်လောက်ရှိလဲဆိုတာကိုတော့ စာရင်းပြုစုနေဆဲပဲလို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ဆယ်လအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄၇၅ ဦး သေဆုံးခဲ့တယ်လို့ နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။