ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ လေကြောင်းနဲ့ လက်နက်ကြီး ကြောင့် ဇန်နဝါရီလ ၁၈ ရက် နဲ့ ၁၉ ရက်တွေမှာ အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့ပေါ်ရပ်ကွက်တွေကို ဇန်နဝါရီလ ၁၈ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဦးစိုးတင့်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၃၀ ကျော်အရွယ် ဦးသန်းအောင် သေဆုံးခဲ့သလို သဲတန်းရပ်ကွက်က အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မင်းပြားမြို့ပေါ်က ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"ဂျက်ဖိုက်တာနှစ်စီး ဗုံးကြဲပြီးပစ်တာ။ အိမ်တွေလည်း မီးလောင်တာပေါ့။ တစ်ဦးကတော့ ပွဲချင်းပြီးပဲ သေတာ။ အဲဒီနေ့ပဲ သဲတန်းမှာလည်း KTV နား ဗုံးကြဲခဲ့လို့ လူနှစ်ယောက် ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ မင်းပြားမြို့ပေါ်မှာက အကုန်တော့ ထွက်ပြေးနေပြီ။ တချို့ပဲ အိမ်အစောင့်အနေနဲ့ ကျန်ခဲ့ကြတာ"
ဘူးသီတောင်မြို့နယ်မှာတော့ ဇန်နဝါရီလ ၁၉ ရက်၊ ညနေပိုင်းမှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ - ၂၀၃) တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ စေတီတောင်ရွာက အသက် ၁၃ နှစ်အရွယ် မောင်ကျော်ဇင်သက်ရဲ့ ခြေထောက်နဲ့ နောက်ကျောတွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်က စတင်ခဲ့တဲ့ ရခိုင်တိုက်ပွဲ နှစ်လအတွင်းမှာ အရပ်သား ၈၁ ဦး သေဆုံးခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။