အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက အရပ်သားတွေ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ
2025.01.17

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးမှာရှိတဲ့ ယင်းမာပင်၊ ကနီနဲ့ ဘုတလင်မြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၁၇ ရက်နေ့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ နမခ ကို ဇန်နဝါရီလ ၁၄ ရက် ညပိုင်းက Brave Warriors for Myanmar (BWM) အဖွဲ့က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ရွာတွေကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ တန်ပြန် ပစ်ခတ်နေတာလို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၅ ရက်နေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ပစ်တဲ့ လက်နက်ကြီးကျည် သုံးလုံးဟာ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာထဲကို ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသား နှစ်ဦး ဒဏ်ရာရပြီး အိမ် ငါးလုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ရှိနေပြီး အရပ်သားတွေ လက်နက်ကြီး အန္တရာယ်စိုးရိမ်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၂၇) သတင်းဆက်သွယ်ရေးနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"လတ်တလောအခြေအနေကတော့ ကနီ၊ ယင်းမာပင်အစပ်က လက်နက်ကြီးအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေလို့ ပြောရမယ်ပေါ့။ မနေ့ညပိုင်းမှာလည်းပစ်ခတ်မှုရှိတယ်၊ ထိခိုက်မှုတော့မရှိဘူး"
ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာမှာ လက်နက်ကြီးထိမှန်လို့ ဒဏ်ရာရသူနှစ်ဦးဟာ အသက် ၃၀ ကျော်အရွယ်တွေဖြစ်ပြီး စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ သူက ပြောပါတယ်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ဘုတလင်မြို့နယ်ဘက်ကိုလည်း လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်ရှိနေတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၄ ရက် မုံရွာ နမခကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီး အဲဒီနေ့မှာပဲ ကနီမြို့နယ် နွားခြံကုန်းရွာကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ၇ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရသွားတယ်လို့လည်း ကနီဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ယင်းမာပင်၊ ကနီနဲ့ ဘုတလင်မြို့နယ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အားကောင်းပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်တဲ့ မုံရွာမြို့နယ်နဲ့ မြို့နယ်ချင်းစပ် ဒေသတွေ ဖြစ်ပါတယ်။