မွန်ပြည်နယ်၊ သထုံမြို့နယ် ကော့လှိုင်းရွာလေးနဲ့ ကုလားကုန်းရွာအကြားမှာ ဇန်နဝါရီလ ၁၈ ရက်နေ့က လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီး နှစ်လုံးဟာ ကျိုက်ကော်ဘက်ကနေ ဈေးဝယ်ပြီးပြန်လာတဲ့ အမျိုးသားနဲ့ ဇနီးဖြစ်သူကို ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့လင်မယားက ဆိုင်ကယ်နဲ့ဈေးဝယ်ပြီး ရွာကိုပြန်လာတာ။ လမ်းမပေါ်မှာ လက်နက်ကြီးကျတော့ သူတို့ကိုသွားထိတာ။ စစ်တပ်ဘက်က အဲဒီလို မကြာခဏ ရွာတွေဘက်ပစ်တယ်"
ဒဏ်ရာရသူတွေဟာ ကော့လှိုင်းရွာကြီးနေ အသက် ၅၇ နှစ်အရွယ် စောသန်းမြင့်နဲ့ အသက် ၅၅ နှစ်အရွယ် နောကူးကူးတို့ ဖြစ်ပါတယ်။ သူတို့ရဲ့ ခြေထောက်တွေမှာ လက်နက်ကြီး ကျည်စတွေ ထိမှန်ခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ ဒီလက်နက်ကြီးကျည်ကို စစ်ကောင်စီရဲ့ အမှတ် (၉) ခြေမြန်တပ်ရင်းဘက်က ပစ်ခတ်ခဲ့တာလို့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြန်ထားတာမရှိသေးသလို စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။