အဆာဟိရှင်ဘွန်းသတင်းဌာနကို တပ်မတော်က မီဒီယာကောင်စီကို တိုင်ကြား


2019.02.22
asahi-shimbun-interview-minaunghlaing-622.jpg ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဂျပန်နိုင်ငံ၊ THE ASAHI SHIMBUN သတင်းဌာနတို့ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့စဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အင်တာဗျုးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ အတည်ပြုချက်မယူဘဲ ဖော်ပြခဲ့လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဖြေရှင်းပေးဖို့ဆိုပြီး တပ်မတော်က တိုင်ကြားထားပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားအမြင်၊ လွှတ်တော်ထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားခဲ့တဲ့ အရေးကိစ္စတွေကို တပ်မတော်နဲ့ အစိုးရ ဖြေရှင်းဆောင်ရွက်ချက်တွေ စတဲ့ အကြောင်းအရာတွေကို မေးမြန်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးဆီ ပေးပို့ပြီးမှသာ သတင်းထုတ်ပြန်ဖို့ ကြိုတင်သဘောတူထားခဲ့ပေမယ့်လည်း အဆာဟိရှင်ဘွန်းဖက်က သတင်းထုတ်လွှင့်ခဲ့လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တာဝန်ယူဖြေရှင်းပေးဖို့ အကြောင်းကြားစာ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဖက် လုပ်ထုံးလုပ်နည်း ဥပဒေကြောင်းပိုင်းဆိုင်ရာနဲ့ပဲ ဖြေရှင်းသွားမယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက အခုလို ပြောပါတယ်။

"ကျွန်တော်တို့ ၁၉ ရက်နေ့မှာ ဒီတိုင်စာကိုရရှိတယ်၊ ဥပဒေနည်းဥပဒေအတိုင်း ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ တိုင်ကြားတဲ့စာ အထောက်အထားတွေ လိုအပ်တဲ့အတွက်ကြောင့် ဒီတိုင်စာအပေါ်မှာ တိုင်ကြားသူဖက်က အထောက်အထားတွေ တောင်းထားပါတယ်၊ တစ်ဖက်ကိုလည်း ညှိုနှိုင်းဆောင်ရွက်ဖို့ သောကြာနေ့မှာ ၁ ရက်နေ့ကျတာပေါ့ ဒီကိစ္စကို နှစ်ဖက်ကို ညှိုနှိုင်းဆောင်ရွက်ပေးမှာပါခင်ဗျ၊ ဟုတ်တယ် မတ်လ ၁ ရက်နေ့မှာပါ"

ကာကယံရှင်အဖွဲ့အစည်းနှစ်ခုအနေနဲ့ ဘယ်လိုသဘောတူညီချက်တွေရယူထားတယ်ဆိုတာ သေချာ မသိတဲ့အတွက် ဒီလိုဖြစ်စဉ်မျိုးကို နားလည်ရခက်တယ်လို့လည်း ဝါရင့်သတင်းမီဒီယာသမားတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းရဲ့ အတွင်းရေးမှူး ဦးသစ္စာက သူ့အမြင်ကို အခုလို ပြောပါတယ်။

"နှစ်ဦးနှစ်ဖက် အဆင်ပြေလို့တွေ့ကြတာ ဒီအပေါ်မှာ ဘာမှပြောစရာမရှိပါဘူး၊ ဘယ်လိုသဘောတူညီထားလဲဆိုတာ ဘယ်လိုဆောင်ရွက်ထားလဲ ဆိုတဲ့အပေါ်မူတည်ပါတယ်၊ ကျွန်တော်တို့ကျတော့ သူတို့ဘယ်လိုသဘောတူညီထားလဲ ဘယ်လိုရှိလဲဆိုတာ မသိနိုင်ဘူးလေ၊ သူတို့ဖြစ်တာ ဒါတစ်ခါမှမကြားဖူးဘူး ဒါ ပထမဆုံးကြားဖူုးတာပဲ၊ အင်တာဗျူးတာ အင်တာဗျူးအတိုင်းရေးရင် ပြီးတာပဲလေ အင်တာဗျုး အတိုင်းမရေးရင်တော့ ဒါသတင်းကျင့်ဝတ် ဖောက်ဖျက်တာပေါ့၊ သတင်းရေးတာကို ပြန်တင်ပြရမလို ဖြစ်နေပြီ"

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။

"အသေးစိတ်တော့ မသိဘူးဗျ အဲဒါတော့ ကျွန်တော်တို့ဆီက ပို့ထားတာရှိတယ်၊ အဆာဟိရှင်ဘွန်းကလည်း ကျွန်တော်တို့ တပ်ချုပ်ကြီးဆီ တောင်းပန်စာပြန်ပြီးတော့ ပို့ထားတာရှိတယ် ဟုတ်ကဲ့ပါ"

ဒါကတော့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ အဆာဟိရှင်ဘွန်းသတင်းဌာနကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တိုင်ကြားစာပေးပို့ထားတာနဲ့ပတ်သက်ပြီး နားဆင်ခဲ့ရတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။