အာဆီယံသံတမန်ယာဉ်တန်းကို PNO တိုက်ခိုက်ခဲ့တာလို့ PNFC စွပ်စွဲ

RFA Burmese
2023.05.13
အာဆီယံသံတမန်ယာဉ်တန်းကို PNO တိုက်ခိုက်ခဲ့တာလို့ PNFC စွပ်စွဲ အာဆီယံသံတမန်များ လိုက်ပါလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရမှုအား ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ခဲ့စဉ်။
Myanmar Military

အာဆီယံသံတမန်တွေ လိုက်ပါလာတဲ့ယာဉ်တန်းကို ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ (PNO) က တိုက်ခိုက်ခဲ့တာလို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က စွပ်စွဲလိုက်ပါတယ်။

စင်ကာပူနဲ့ အင်ဒိုနီးရှား သံအရာရှိတွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ (AHA Centre) တာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ယာဉ်တန်းဟာ မေလ ၇ ရက် မနက်ပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆီဆိုင်- ဆိုက်ခေါင် လမ်းပေါ်မှာ ပစ်ခတ်ခံခဲ့ရတာပါ။

အဲဒီယာဉ်တန်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒေသခံတွေကို စုံစမ်းမေးမြန်းရာမှာ ဌာနေပြည်သူ့စစ်အဖွဲ့အစည်း (PNO) ဖြစ်ကြောင်း သိရတယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ အတွင်းရေးမှူး (၂) ဦးခွန်ဝေထူးက RFA ကို ပြောပါတယ်။

“ဒီပစ်ခတ်တဲ့သူတွေသည် ဌာနေပြည်သူ့စစ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာကိုတော့ ဒေသခံပြည်သူတွေရဲ့ မျက်မြင်တွေ့ရှိချက်ကို ကျွန်တော်တို့ စုံစမ်းသိရှိရပါတယ်။ အဲဒီနယ်မြေမှာ ပြည်သူတွေက ဌာနေပြည်သူ့စစ်လို့ ပြောတယ်ဆိုရင် PNO မှတစ်ပါး တခြားအဖွဲ့အစည်း မရှိဘူးဆိုတာကိုတော့ ကျွန်တော်တို့ ပြေးကြည့်စရာမလိုဘဲနဲ့ တွေးကြည်ရုံနဲ့ အားလုံးသိနိုင်တဲ့ကိစ္စပဲဖြစ်ပါတယ်”

သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့နယ်မြေဟာ PNO စိုးမိုးတဲ့နေရာဖြစ်သလို ဘယ်လက်နက်ကိုင်အဖွဲ့မှ အဲဒီနယ်မြေထဲ ကျူးကျော်ဝင်ရောက်ပြီး ချုံခိုတိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူးလို့ ဦးခွန်ဝေထူးက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ (PNO) စစ်ဘက်ရေးရာ အရာရှိတစ်ဦးကတော့ အဲဒီယာဉ်တန်းတိုက်ခိုင်မှုကို ဦးခွန်ဥက္ကာဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က လုပ်ဆောင်ခဲ့တာလို့ RFA ကို မေလ ၈ ရက်နေ့က ဖြေဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပြောရေး ဆိုခွင့်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အခုလို စွပ်စွဲပြောဆိုမှုတွေကို အတည်ပြုနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီ ပြန်ကြားရေးဌာနရဲ့ မေလ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာတော့ အဲဒီသံတမန်ယာဉ်တန်းကို ဆီဆိုင်မြို့နယ်၊ နန့်အောရွာမြောက်ဘက် မီတာ ၂၀၀ အကွာမှာ အသင့်စောင့်ဆိုင်းနေတဲ့ အကြမ်းဖက်သမားတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြောထားပြီး ဘယ်အဖွဲ့အစည်းကဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဦးနိုင်ထူးအောင် ကလည်း ဆီဆိုင်မြို့နယ်မှာဖြစ်ခဲ့တဲ့ နိုင်ငံတကာသံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှုမှာ PDF တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ NUG ရဲ့ သတင်းဌာနဖြစ်တဲ့ PV သတင်းဌာနကို ပြောကြားထားတယ်။

သံတမန်ယာဉ်တန်း အပစ်ခံရတဲ့ကိစ္စအပေါ် အဖွဲ့အသီးသီးက အပြန်အလှန် စွပ်စွဲ အပြစ်တင်နေကြသလို RFA အနေနဲ့လည်း ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။