အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး ပြည်သူကိုကာကွယ်ပေးရမယ်လို့ အာဆီယံဥက္ကဋ္ဌပြော

2023.05.11
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး ပြည်သူကိုကာကွယ်ပေးရမယ်လို့ အာဆီယံဥက္ကဋ္ဌပြော အင်ဒိုနီးရှားနိုင်ငံ လူဘန် ဘာဂျိုမြို့တွင် ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ကျင်းပသည့် (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲ တက်ရောက်လာသည့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို။
ACHMAD IBRAHIM / POOL / AFP

စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သည်းမခံနိုင် သလို၊ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး ပြည်သူကိုကာကွယ်ပေးရမယ်လို့ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို က ဒီနေ့ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ လူဘန် ဘာဂျိုမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံရဲ့ ဒုတိယနေ့ နိုင်ငံခေါင်းဆောင်များ အစည်းအဝေးမှာ ပြောလိုက်တာပါ။

မြန်မာနိုင်ငံ ငြိမ်းချမ်းအောင်ဆောင်ရွက်ဖို့ အင်ဒိုနီးရှားဟာ သက်ဆိုင်ရာ ဘယ်အဖွဲ့နဲ့မဆို ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ စေ့စပ်ဆွေးနွေးတယ်ဆိုတာဟာ ထောက်ခံတာ၊ ဒါမှမဟုတ် အသိအမှတ်ပြုတာမဟုတ်ဘူးလို့လည်း သူက ဖြည့်စွက်ပြောဆို ပါတယ်။

အဲ့ဒီအပြင် မြန်မာစစ်ကောင်စီဟာ အာဆီယံနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သဘောတူ ထားတဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို တိုးတက်အောင် အကောင်အထည်မဖော်ခဲ့ဘူးလို့ သမ္မတ ဂျိုကို ဝီဒိုဒို က ပြောလိုက်ပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကြီးမား တဲ့ တိုးတက်မှုမရှိခဲ့ပါဘူး။ ဒါကြောင့် ရှေ့ခြေလှမ်းတွေအတွက် ဆုံးဖြတ်ဖို့ အာဆီယံအသင်းဝင်တွေ အားလုံးရဲ့ ညီညွတ်မှု လိုအပ်နေပါတယ်” လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။

အာဆီယံအထွေထွေအတွင်းရေးမှူး ဒေါက်တာ ကောက်ကင်မ်ဟွမ်ကလည်း - အကြမ်းဖက်မှုတွေ ရပ်အောင်လုပ်ဖို့အတွက်ကို လူသားချင်းစာနာမှုအကူအညီပေးတာနဲ့ သက်ဆိုင်ရာအဖွဲ့အားလုံး ကြားဆွေးနွေးတာဟာ စစ်ကောင်စီနဲ့ စေ့စပ်ရေးအတွက် အခြေခံလုပ်ငန်းတွေဖြစ်တယ်လို့ ပြောပါတယ်။

“အာဆီယံဘက်ကတော့ မြန်မာနိုင်ငံကိုကူညီဖို့ ပြင်းပြတဲ့ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ မလွယ်သေးဘူး၊ အကြမ်းဖက်မှုတွေရပ်အောင် လုပ်ရမှာက အခြေခံပဲ” လို့လည်း သူက ရိုက်တာသတင်းဌာန ကို ညီလာခံပြင်ပမှာ ပြောပါတယ်။

မြန်မာနိုင်ငံပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့အပေါ် အာဆီယံအသင်းဝင် နိုင်ငံတွေကြားမှာ သဘောထားကွဲလွဲတာတွေရှိနေပါတယ်။

ဒီအတောအတွင်းမှာပဲ “အာဆီယံအသင်းဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံအကျပ်အတည်းကို အလေးအနက်ထားကြပါတယ်။ ဒါပေမဲ့ အင်အားစုကြီးတစ်ရပ်အနေနဲ့ အတူတူ ဆောင်ရွက်ဖို့လိုတယ်” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အဗ္ဗဒူ ကာဒီရာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်အားလုံးက မြန်မာနိုင်ငံငြိမ်းချမ်းမယ့်အဖြေရအောင် ရှာချင်ကြတယ်၊ ပြီးတော့ အဲဒီငြိမ်းချမ်းရေးဟာ ရေရှည်တည်တံ့ရမယ်လို့ သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။