မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံကြေညာချက်ကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က ကန့်ကွက်ပယ်ချ လိုက်ပါတယ်။
၅၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှု၊ အရပ်ဘက်အဆောက်အအုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီကတော့ ဒီကြေညာချက်ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကြိုးပမ်းမှုကို ထည့်သွင်းမစဉ်းစားဘဲ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်တယ် လို့ ဆိုပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲကြညာချက် မူကြမ်းကို ညှိနှိုင်းတဲ့အချိန်မှာ စစ်ကောင်စီအနေနဲ့ ပါဝင်ဆွေးနွေးခဲ့ပေမယ့် ကြေညာချက်ထုတ်ပြန်ချိန်မှာ ပြင်ဆင် ဖြည့်စွက်လိုတဲ့အချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျစ်လျူရှုခဲ့တယ်လို့ စစ်ကောင်စီက သဘောထားထုတ်ပြန်ပါတယ်။
အာဆီယံကတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ၂၀၂၁ ခုနှစ် ဧပြီလကုန်ပိုင်းက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အခြေခံဖို့ကိုလည်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ငါးချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့၊ ကြားဝင်စေ့စပ်ညှိနှိုင်းရေးအတွက် အထူးသံတစ်ဦး ခန့်အပ်ဖို့၊ အာဆီယံကနေ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်တာကို ခွင့်ပြုဖို့နဲ့ အာဆီယံ အထူးသံကို မြန်မာနိုင်ငံက Stakeholder အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။