အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ ၅၆ ကြိမ်မြောက် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီနေ့ စတင်ကျင်းပနေပြီဖြစ်ပါတယ်။
အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ဒီအစည်းအဝေးတွေမှာ မြန်မာ့အရေး အဓိကထား ဆွေးနွေးဖို့ မျှော်လင့်ထားတာပါ။ ဒီနေ့ အစည်းအဝေးမှာ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဘရူနိုင်း နိုင်ငံတို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် အရေးကိုလည်း ဆွေးနွေးနိုင်ခြေရှိပါတယ်။ ဒီအစည်းအဝေးကို မြန်မာစစ်ကောင်စီကို တက်ရောက်ခွင့် မပြုခဲ့ပါဘူး။
မြန်မာစစ်ကောင်စီဟာ နိုင်ငံတွင်းအကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး အပါအဝင် ငြိမ်းချမ်းရေးဘုံသဘော တူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ၂ဝ၂၁ ခုနှစ် ဧပြီလ အစည်းအဝေးမှာ သဘောတူညီခဲ့ပေမယ့် ဒီနေ့ အချိန်အထိ အကောင်အထည် မဖော်နိုင်သေးတာကြောင့် မြန်မာစစ်ကောင်စီကို အာဆီယံက အစည်းအဝေးတွေကို တက်ရောက်ခွင့် တားမြစ်ထားပါတယ်။
အာဆီယံဟာ ဇူလိုင် ၁၄ ရက်နေ့ ထိပ်သီးညီလာခံအပြီး ဒေသတွင်းဖိုရမ်ကို ဆက်လက်ကျင်းပဖို့ရှိပြီး အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။