ပဋိပက္ခပိုပြင်းထန်လာနေတဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ ဒေသတွင်းစည်းလုံးညီညွတ်မှုရှိဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အာဆီယံ ဘုံသေဘာတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြပြီး အားလုံးက စည်းလုံးညီညွတ်ရေးကိစ္စကို အလေးပေး ပြောကြားခဲ့ကြတယ်လို့ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေချိန်မှာ အာဆီယံအနေနဲ့ စည်းလုံးညီညွတ်မှုရှိဖို့ အရေးကြီးတဲ့အကြောင်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ခြင်းမရှိဘဲ တွေ့ဆုံဆွေးနွေးရေးစတင်ဖို့ နဲ့ အကူအညီတွေ ပေးပို့နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အာဆီယံအနေနဲ့ ဒီငြိမ်းချမ်းရေး ဘုံသဘောတူညီချက်ကို ဆက်ပြီးအာရုံစူးစိုက်သင့်ကြောင်းနဲ့ တခြား မည်သည့် ကြိုးပမ်းအားထုတ်မှုမဆို ဒီငြိမ်းချမ်းရေးမူ ငါးချက်ကို ပံ့ပိုးတာမျိုးဖြစ်ရမယ်လို့လည်း Retno Marsudi က ပြောပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထိပ်သီးညီလာခံကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဇူလိုင် ၁၁ ရက် မနေ့က စတင်ကျင်းပနေတာဖြစ်ပါတယ်။