မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ် အာလွန်ကယ်ကစ်တစ်ခွန်နဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူး ကအိုကင်မ် ဟောင် (Kao Kim Hourn) တို့ ဇန်နဝါရီလ ၂၈ ရက်နေ့က လာအိုနိုင်ငံမှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြပါတယ်။
လာအိုနိုင်ငံက အလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်မှာ မြန်မာ့အရေး အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ထိထိရောက်ရောက် အကောင်အထည် ပေါ်လာအောင်လုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီဘုံသဘောတူညီချက်တွေထဲက တစ်ခုဖြစ်တဲ့ အာဆီယံကနေ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရေးကိုလည်း အဓိကထားဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်သစ်ဟာ မြန်မာနိုင်ငံကို ဒီလအစောပိုင်းမှာ လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့လည်း အွန်လိုင်းကနေ တွေ့ဆုံခဲ့ပါတယ်။
အာဆီယံကနေ မြန်မာပြည်သူတွေကို အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ လိုနေပြီး၊ အဲဒီလို ပေးတဲ့အခါမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြေပြင်မှာ ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဖို့လိုတယ်လို့ NUG အစိုးရ ပြောခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။