ရိုဟင်ဂျာအရေး အမြန်ဆုံးဖြေရှင်းဖို့ အာဆီယံကို MAPIM တောင်းဆို

RFA Burmese
2025.01.30
ရိုဟင်ဂျာအရေး အမြန်ဆုံးဖြေရှင်းဖို့ အာဆီယံကို MAPIM တောင်းဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကို ဖြေရှင်းဖို့နဲ့ သူတို့နေရပ် ရခိုင်ပြည်နယ်ကို ဘေးကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိရှိပြန်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်ပေးဖို့ မလေးရှားအစ္စလာမ်အဖွဲ့များ အတိုင်ပင်ခံကောင်စီ (MAPIM) က အာဆီယံကို ဇန်နဝါရီလ ၃ဝ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ သံတမန်နည်းအရ ထိတွေ့ဆက်ဆံရေး၊ သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိရေး၊ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ညှိနှိုင်းဆောင်ရွက်ရေးအတွက် အာဆီယံကသာ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း MAPIM ရဲ့ ဥက္ကဋ္ဌ Azmi Abdul Hamid က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အပါအဝင် အခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်ကို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ ရန်ပုံငွေ၊ အရင်းအမြစ်နဲ့ ကျွမ်းကျင်သူတွေကို အမြန်ဆုံး စုစည်းဆောင်ရွက်ဖို့လည်း အာဆီယံကို အကြံပြုတိုက်တွန်းထားပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာအာဏာပိုင်တွေ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ပူးပေါင်းပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် စီစဉ်ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ နေရပ်ပြန်သူတွေရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေကို အာမခံဖို့ အာဆီယံရဲ့အခန်းကဏ္ဍက အရေးကြီးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက လူမျိုးရေးအကြမ်းဖက်မှုတွေရဲ့ အရင်းခံအကြောင်းတရားတွေကို ဖြေရှင်းဖို့ ကြိုးပမ်းရာမှာလည်း အာဆီယံက ဦးဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။