လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့ အာဆီယံတောင်းဆို

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှု၊ အရပ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)က တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို ထည့်သွင်းရေးသားတောင်းဆိုလိုက်တာဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုအားလုံးရပ်တန့်ပြီး ခိုက်ရန်ဖြစ်စေမယ့် လုပ်ရပ်အားလုံးကို ရှုတ်ချဖို့၊ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေး အခြေအနေတစ်ရပ်ဖန်တီးကြဖို့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ကိုလည်း အာဆီယံနိုင်ငံတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

image (7).jpg
၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂာကာတာမြို့တွင် ကျင်းပသည့် ၅၆ ကြိမ်မြောက် အာဆီယံအစည်းအဝေးတွင် မြန်မာကိုယ်စားပြုထိုင်ခုံနေရာ လစ်လပ်နေသည့် မြင်ကွင်း။ (Photo: AFP)

အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ၂ဝ၂၁ ခုနှစ်က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာနိုင်ငံပြဿနာဖြေရှင်းရေးမှာ အဓိကကျပြီး ဒီအချက်တွေကို ဆက်လက်ကိုင်စွဲသွားမှာဖြစ်ကြောင်း၊ ဒီငါးချက် အကောင်အထည်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဖို့ကိုလည်း အားလုံးသဘောတူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်ပြီး ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာကိုလည်း တိုးတက်မှုတစ်ရပ်အနေနဲ့ ရှုမြင်ကြောင်း၊ ဒါပေမဲ့ အာဆီယံအဖွဲ့တွင်း ညီညွတ်ရေးနဲ့ အာဆီယံဥက္ကဋ္ဌနဲ့ညှိနှိုင်းပြီး မူငါးချက်နဲ့အညီ ဆောင်ရွက်ဖို့လည်း အရေးကြီးကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကိုတော့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

asean-12.jpeg
၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် ၅၆ ကြိမ်မြောက် အာဆီယံအစည်းအဝေး မြင်ကွင်းတစ်ခု။ (Photo: Reuters)

အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးနဲ့ စေ့စပ်ညှိနှိုင်းနေတာကိုလည်း ထောက်ခံကြောင်းနဲ့ ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံနဲ့ လက်တွဲပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီကြေညာချက်မှာပဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာစစ်ကောင်စီအကြား ၂၀၂၃ နှစ်ကုန်မှာ ရိုဟင်ဂျာ ၇၀၀၀ ခန့်နေရပ်ပြန်ရေးဆောင်ရွက်နေတာကိုလည်း အသိအမှတ်ပြုကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံက စစ်ကောင်စီရော၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုပါ တက်ရောက်ခွင့်မပေးဘဲ ချန်လှပ်ထားပါတယ်။