အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို အာဆီယံ ထပ်မံတိုက်တွန်း

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အားလုံးကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ကုလသမဂ္ဂနဲ့ အခြား ပြင်ပနိုင်ငံတွေကိုလည်း အာဆီယံနဲ့ အတူ လက်တွဲ အလုပ်လုပ်ဖို့ အာဆီယံက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ မနေ့က ကျင်းပပြီးစီးသွားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲအပြီး ပူးတွဲကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာပြီး၊ နိုင်ငံရေး အဖြေရှာနိုင်ဖို့အတွက် သက်ဆိုင်သူ အားလုံးနဲ့ ယုံကြည်မှု တည်ဆောက်ဖို့၊ ဆွဲဆောင်မှုရှိတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးဖို့၊ မတူကွဲပြားမှုတွေကို ပေါင်းကူးပေးဖို့ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ အားလုံး ချီးမွမ်းလိုပါတယ်လို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်လို့ ဘုံသဘောတူညီချက် ငါးချက်ကို အခြေခံဖို့ကိုလည်း ဒီပူးတွဲ ကြေညာချက်ထဲမှာ ထပ်လောင်းပြောထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့၊ ကြားဝင်စေ့စပ်ညှိနှိုင်းရေးအတွက် အထူးသံတစ်ဦး ခန့်အပ်ဖို့၊ အာဆီယံကနေ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်တာကို ခွင့်ပြုဖို့နဲ့ အာဆီယံ အထူးသံကို မြန်မာနိုင်ငံက stakeholder အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။