ဒေါ်အောင်ဆန်းစုကြည်ကို Madanjeet Singh ဆု ချီးမြှင့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို UNESCO က ၂၀၀၂ ခုနှစ်အတွက် ချီးမြှင့်ခဲ့တဲ့ Madanjeet Singh ဆုကို ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီနေ့ မနက်ပိုင်းက လာရောက် ပေးအပ်ပါတယ်။

UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား အမှုဆောင် ညွှန်ကြားရေးမှူး Mr. Ryuhei Hosoya က လာရောက် ချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီ Madanjeet Singh Prize for Promotion of Tolerance & Non-Violence (ခွင့်လွှတ် သည်းခံနိုင်ခြင်း ခန္တီပါရမီတရားနဲ့ အကြမ်းမဖက်မှု မြှင့်တင်ရေးဆိုင်ရာ) ဆုကို ဒေါ်အောင်ဆန်းစုကြည် ၂၀၀၂ ခုနှစ်က ဆွတ်ခူးခဲ့တာဖြစ်ပြီး ဒီဆုရုပ်တုနဲ့အတူ ချီးမြှင့်တဲ့ အမေရိကန် ဒေါ်လာတစ်သိန်းကို ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးနဲ့ ကျန်းမာရေး ရန်ပုံငွေအဖြစ် လှူဒါန်းလိုက်တယ်လို့လည်း သိရပါတယ်။ ခုလို လာရောက် အပ်နှင်းရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်လို့ Mr. Ryuhei Hosoya ကပြောပါတယ်။ ဒီဆုဟာ သည်းခံနိုင်တဲ့ စွမ်းရည်နဲ့ အကြမ်းမဖက်တဲ့ စိတ်ဓာတ်မွေးမြူရေး မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ သိပ္ပံ၊ အနုပညာ ဒါမှမဟုတ် ဆက်ဆံရေး နယ်ပယ်တွေမှာ ထူးထူးချွန်ချွန် ပြောင်ပြောင်မြောက်မြောက် ဆောင်ရွက်သူတွေကို ချီးမြှင့်တာပါ။ အိန္ဒိယနိုင်ငံက အကြမ်းမဖက်ရေး စံပြပုဂ္ဂိုလ် မဟတ္တမဂန္ဒီကြီးရဲ့ ၁၂၅ နှစ်မြောက် မွေးနေ့ကျရောက်တဲ့ ၁၉၉၅ ခုနှစ်မှာ ကုလသမဂ္ဂက ကျင်းပခဲ့တဲ့ နိုင်ငံတကာ ခွင့်လွှတ် သည်းခံခြင်းတရားနှစ်ကစပြီး အိန္ဒိယ အနုပညာရှင်၊ စာရေးဆရာနဲ့ သံတမန် Mr. Madanjeet Singh ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်ခဲ့ပါတယ်။ Madanjeet Singh ဆုနဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။

0:00 / 0:00