NLD ပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ ခွဲထွက်သွားခဲ့တဲ့ NDF ပါတီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေနဲ့ ဒေါက်တာဝင်းနိုင်တို့ကို ဒေါ်အောင်ဆန်းစုကြည်က NLD ဒုတိယ ဥက္ကဌ ဦးတင်ဦး နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို NDF ပါတီ ခေါင်းဆောင်တွေ အဖြစ် တွေ့ဆုံခြင်း မဟုတ်ပဲ နိုင်ငံရေး လုပ်ဖေါ် ကိုင်ဖက်ဟောင်းများ အဖြစ် တွေ့ဆုံခြင်းသာ ဖြစ်တယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။ "ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေနဲ့ ဒေါက်တာဝင်းနိုင် တို့ကလည်း သူတို့ မိသားစုနဲ့ ကျန်းမာရေး၊ သာရေး နာရေးတွေကိုဘဲ ပြောတယ်။ ဦးခင်မောင်ဆွေနဲ့ ဒေါက်တာ သန်းငြိမ်း ကလည်း ထောင်မှာ နေခဲ့ရတဲ့ တွေ့ခဲ့ရတဲ့ သူတွေ အကြောင်း နဲနဲပါးပါး ပြောပြီး ပြီးသွားတယ်လို့ဘဲ သိရတယ်။" NDF ခေါင်းဆောင် ၃ ဦး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီး သူတို့ ဘာကြောင့် ပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ကြတယ် ဆိုတာကို ရှင်းပြမယ်လို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြီးခဲ့တဲ့ ရက်က RFA ကို ပြောကြားခဲ့ပါတယ်။ NDF ပါတီ ခေါင်းဆောင်တွေ နဲ့တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေဂုံတိုင်လမ်းက အဖွဲ့ချုပ်ရုံးမှာ Korea Everyday Economist သတင်းစာအဖွဲ့နဲ့ တွေ့ဆုံကြောင်း သိရပြီး ညနေပိုင်းမှာ သြစတေးလျ သံအမတ်ကြီးက ဖိတ်ကြားခဲ့တဲ့ အတွက် သံအမတ်ကြီး နေအိမ်ကို သွားရောက် တွေ့ဆုံတယ်လို့ သတင်း ရရှိပါတယ်။