ပေါက်မြို့နယ်မှာ လေကြောင်းကတိုက်ခိုက်ခံရလို့ PDF သုံးဦးသေဆုံး
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာမှာ ဇူလိုင်လ ၁၉ ရက်နေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်လို့ PDF တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး နောက်ထပ် နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ပေါက်မြို့နယ်က PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
တပ်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၂၀၀ လောက်ရှိနေတဲ့နေရာကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ရောက်ရှိလာပြီး လေကြောင်းက ပစ်ခတ်ခဲ့တာလို့ PDF အဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
"သူတို့ တိုက်ခိုက်ပြီး ပြန်ဆုတ်တဲ့ ဆုတ်လမ်းမှာ လေယာဉ်နဲ့ ပစ်လို့ သုံးယောက် သေတယ်။ နှစ်ယောက်က အရှင်ဖမ်းခံရတယ်။ အရင်တစ်ခေါက်တိုက်တာ မကြာသေးဘူး၊ နောက်တစ်ခေါက်ပြန်တိုက်တော့ သူတို့က သိနေပြီ။ လေယာဉ်ကလည်းလာတော့ ဆုတ်လမ်းကို လိုက်ပစ်တာ"
စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှု အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ရွာသစ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေကို PDF တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်နဲ့ ပျူထီးအဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှု တချို့ ရှိခဲ့ပါတယ်။
လတ်တလောမှာတော့ ပေါက်မြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က အင်းအားတိုးချထားတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နေတယ်လို့ ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့ထုတ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နှစ်ပတ်လည် အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။