စစ်တွေမှာ မိုင်းဆွဲ တိုက်ခိုက်ခံရမှုအတွက် ဒေသခံ ငါးဆယ်နီးပါး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မြင်းကပ်တောရွာသစ်က ရွာသား ကိုးဦးနဲ့ ရွာဟောင်းက ရွာသား လေးဆယ်၊ စုစုပေါင်း ၄၉ ဦးကို ဇန်နဝါရီလ ၁၁ ရက်နေ့ မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ရွာသားတွေက RFA ကို ပြောပါတယ်။

အဲဒီ မြင်းကပ်တော ရွာအနီးမှာ မနေ့မနက်ပိုင်းက မိုင်းသုံးလုံး ပေါက်ကွဲပြီးနောက် စစ်ကား လေးစီး၊ အချုပ်ကားတစ်စီးနဲ့ စစ်ကောင်စီ တပ်သားတွေက ရွာထဲဝင်ပြီး ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ မနက်ပိုင်းက မိုင်းသုံးလုံး ပေါက်သံကြားတယ်။ ဘယ်လိုဖြစ်တာလဲ ဆိုတာကိုတော့ သေသေချာချာ မသိဘူး။ မိုင်းပေါက်ပြီးတာနဲ့ စစ်ကားလေးစီး၊ အချုပ်ကားတစ်စီး လာတယ်။ ရွာထဲဝင်ပြီး ယောက်ျားအားလုံးကို ဘုန်းကြီးကျောင်းမှာ ဖမ်းထားတယ်။ ကြိုးတွေ ချည်ထားတယ်။ ပြီးတာနဲ့ ညနေ လေးနာရီလောက်မှာ ကားပေါ်တင်ပြီး ဖမ်းခေါ်သွားတာ”

လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို အမှတ် (၁) စစ်တွေ မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေက ဒီကနေ့ မနက်က တွေ့ဆုံခွင့် တောင်းခဲ့ပေမယ့် တွေ့ခွင့် မရခဲ့ကြဘူးလို့လည်း ဆိုပါတယ်။

အခုလို စစ်တွေမြို့နယ်က ဒေသခံ ငါးဆယ်နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း စစ်တွေမြို့ ရွှေပြားဆိပ်ကမ်းမှာ ဈေးသည်တွေနဲ့ ခရီးသည် နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့ပြီး ပစ္စည်းတွေကိုပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး မနေ့က စစ်တွေမြို့နယ် မြင်းကပ်တော ကျေးရွာအနီးက မိုင်းဆွဲ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ တရားဝင် သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။