ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင် ၅ ရက်နေ့အထိ ဒရုန်းနဲ့ အကြိမ် ၂၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ-၂၈၃ တပ်ရင်းဌာနချုပ်၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင် ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်က တပ်စွဲထားတဲ့နေရာတချို့ကို (၈၁) မမဗုံးသီးတွေ၊ (၆၀) မမဗုံးသီးတွေ အသုံးပြုပြီး တစ်ပတ်လုံး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ Cloud Wings ဒရုန်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘဲ့ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ SOF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"တိုက်ပွဲအတွင်းမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုမဟာမိတ်အဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး။ ဒါပေမဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်တွေ နေရာယူပြီး တပ်စွဲထားတဲ့အဆောက်အအုံတွေ ကြေမွပျက်စီးသွားတယ်။ အမြှောက်တပ် အမတ-၃၁၈ က စစ်ဗိုလ်တစ်ဦးနဲ့ အကြမ်းဖက်စစ်သားတစ်ဦး သေဆုံးတယ်။ ငါးဦးလောက်ကတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာတွေ ရသွားတယ်”
စစ်ကောင်စီတပ်ဘက်ကလည်း ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ရွာတွေထဲကို ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိတယ်လို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာမရှိသလို ကရင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက KNU ထိန်းချုပ် နယ်မြေတွေမှာ တိုက်ပွဲပေါင်း ကိုးထောင်ကျော် ဖြစ်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ အရပ်သား ခြောက်သိန်းလောက် ထွက်ပြေးနေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ရဲ့ တာဝန်ရှိသူ စောနန္ဒဆူးက ဇွန်လ တတိယပတ်မှာ RFA ကို ပြောထားပါတယ်။