အမ်း-ပဒါန်းလမ်းက စစ်ကောင်စီတပ်စခန်းနှစ်ခု တိုက်ခိုက်ခံရ
2024.11.06
မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းကားလမ်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းနှစ်ခုကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ပါတယ်။
ဂုတ်ကြီးရွာထိပ် ဘုံးဘောလမ်းဆုံနဲ့ အမ်း-ပဒါန်းလမ်း မိုင်တိုင် (၁၁) တို့မှာရှိတဲ့ စစ်ကောင်တပ် ကင်းစခန်းတွေကို PRA- Magway၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မင်းဘူးခရိုင် အမှတ်-၂ တပ်ရင်းတို့က မနက် ၁၁ နာရီမှာ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တပ်စခန်းနှစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန် စစ်ကောင်စီတပ်က စစ်ကူတွေ ထပ်မံစေလွှတ်ခဲ့သလို နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးတာကြောင့် အပြီးသတ်ရှင်းလင်းရေးမလုပ်နိုင်ဘဲ ဆုတ်ခွာခဲ့ရတယ်လို့ PRA- Magway က ပြောပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ဆယ်ဦးခန့် သေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သေဆုံးထိခိုက်မှု အရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အမ်း-ပဒါန်းလမ်းဟာ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် သုံးခုအဆုံမှာ တည်ရှိပြီး ရခိုင်ကမ်းမြောင်ဒေသ ဘင်္ဂလားပင်လယ်အော်ကနေ ပြည်မအထိဝင်ရောက်နိုင်ဖို့ အနီးဆုံးဖြတ်လမ်းဖြစ်တာကြောင့် စစ်ရေးအရ အချက်အချာကျတဲ့နေရာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) မှာ တာဝန်ကျတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။
"ပဒါန်းကနေ မင်းဘူးကို ၂၉ မိုင်၊ မင်းဘူးကနေ မကွေး၊ မကွေးကနေ တောင်တွင်းကြီးကို မိုင် ၅၀၊ တောင်တွင်ကြီးကနေ နေပြည်တော်ကို မိုင် ၅၀ ဆိုတော့ AA သာ ဆန္ဒရှိရင် နေပြည်တော်အထိကို ပြည်မထဲက PDF တွေနဲ့ ပေါင်းပြီး အင်အားများစွာနဲ့ တက်သိမ်းသွားနိုင်တာမျိုးအထိ ရည်ရွယ်လို့ရတယ်"
အမ်း-ပဒါန်းကားလမ်း တစ်လျှောက်မှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းလည်းရှိနေသလို စစ်ကောင်စီတပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေလည်း အခြေစိုက်ထားပါတယ်။
ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသ ထိန်းချုပ်နိုင်ရေးဟာ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးရည်မှန်းချက်ဖြစ်ပြီး အမ်း-ပဒါန်လမ်းပိုင်း ထိန်းချုပ်နိုင်ရေးကတော့ စစ်ရေးရည်မှန်းချက်ရဲ့ ရှေ့ပြေးလှုပ်ရှားမှုဖြစ်တယ်လို့ PRA-Magway က ပြောပါတယ်။
အမ်း-ပဒါန်းလမ်းက စစ်တပ်စခန်းတွေ တိုက်ခိုက်ခံရတဲ့ နိုဝင်ဘာလ ၅ ရက်နေ့ တစ်ရက်တည်းမှာပဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့က အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲကိုလည်း အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း အမ်း-ပဒါန်းကားလမ်း ငဖဲမြို့နယ် စပ်စီရွာအနီးက ဝက်စာကျင်းလမ်းဆုံမှာ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို ACDF နဲ့ မင်းဘူးခရိုင် တပ်ရင်း-၂ တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ACDF က ထုတ်ပြန်ထားပါတယ်။