အောင်ပန်းရဲစခန်း အချုပ်ဖောက်ပြေးသူတွေအထဲက နှစ်ဦး ပြန်ဖမ်းမိ
2025.01.11
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မ ရဲစခန်းကနေ ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်း အချုပ်ခန်းဖောက်ပြီး ထွက်ပြေးခဲ့တဲ့ အချုပ်သား ၁၀ ဦးထဲက နှစ်ဦးကို ပြန်လည်ဖမ်းဆီးရမိထားတယ်လို့ အဲဒီ အခြေအနေကိုသိတဲ့ အောင်ပန်းဒေသခံတစ်ဦးက ဇန်နဝါရီ ၁၁ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေဟာ အချုပ်ခန်းတံခါးကို သံဖြတ်လွှနဲ့ ဖြတ်ပြီး ထွက်ပြေးခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့တာကြောင့် အသက် ၂၂နှစ် အရွယ်နဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး တို့ကို ဖမ်းမိရခဲ့တာလို့ ဆိုပါတယ်။
ရဲစခန်းအချုပ်ကနေ ထွက်ပြေးခဲ့တဲ့ အမျိုးသား ၁၀ ဦးဟာ အသက် ၁၅ နှစ်ကနေ ၃၃ နှစ်အရွယ်ရှိတဲ့ အမျိုးသား တွေဖြစ်ပြီး ရာဇဝတ်မှု ကျူးလွန်ထားတဲ့ အချုပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အချုပ်ခန်း ဖောက်ပြေးဖို့ ဦးဆောင်ခဲ့သူဟာ ရာဇဝတ်မှုနဲ့ ထောင်ကျပြီး ပြန်လွတ်လာသူ တစ်ဦးဖြစ်တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ အောင်ပန်းဒေသခံ တစ်ဦးက ပြောပါတယ်။
“အဲဒီလူက ထောင်ကလွတ်ပြီး သူ့မိန်းမရှိတဲ့ မြို့ကိုပြန်ဖို့ မြို့အထွက် မယ်ခိုတောင်လမ်းမှာ ဆိုင်ကယ် စီးလာတဲ့ အမေနဲ့ သမီးကို ရိုက်ပြီး ဆိုင်ကယ်လုသွားတာ။ သူရိုက်လိုက်တဲ့ အမေက သေသွားတယ်။ အဲဒီအမှုနဲ့ အဖမ်းခံထားရတာ။ သူ့အသက်က ၃၃နှစ် မင်းမင်းဦး တဲ့။ အခုလွတ်တဲ့ ရှစ်ယောက်ထဲမှာ အဲဒီလူလည်းပါတယ်”
ထွက်ပြေးလွတ်မြောက်နေတဲ့ အချုပ်သား ရှစ်ဦးရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကို မသိရသေးသလို RFA အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေဆိုတာမရှိပါဘူး။
ထွက်ပြေးသွားတဲ့ အချုပ်သားတွေ ဖမ်းဆီးနိုင်ဖို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က မြို့အဝင်အထွက်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။