ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဖို့ မျှော်လင့်ကြောင်း ဂျပန်သတင်းထောက်ပြော
2025.01.13

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လွတ်ဖို့ မျှော်လင့်တယ်လို့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဂျပန်နိုင်ငံသား သတင်းထောက် တိုရူကူဘိုတာက ပြောပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း သုံးဦးဖြစ်တဲ့ William Hague, Sir Malcolm Rifkind နဲ့ Jack Straw တို့က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က တိုက်တွန်းလိုက်တာကို ထောက်ခံတဲ့အနေနဲ့ အခုလိုပြောကြားတာလို့ ဗြိတိန်နိုင်ငံအခြေစိုက် Independent သတင်းဌာနက ဇန်နဝါရီ ၁၂ ရက်နေ့က ဖော်ပြပါတယ်။
ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စတင်ဖမ်းဆီးခံရချိန်ကတည်းက ထောင်သီးသန့်ဆောင်မှာ ထိန်းသိမ်းခံထားရဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဗြိတိန်အစိုးရ ဝန်ကြီးဟောင်း ပေါလ် စကာလီ၊ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်နဲ့ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ် St. Huge ကောလိပ် ကျောင်းအုပ်ဆရာမကြီး Lady Elish Angiolini တို့ကလည်း ၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။
အခုလိုတောင်းဆိုမှုတွေရှိပေမဲ့ ဇန်နဝါရီလ ၄ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို ပြန်လွှတ်ချိန် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခဲ့ပါဘူး။
ဂျပန်နိုင်ငံသား သတင်းထောက် တိုရူကူဘိုတာဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ရန်ကုန်မြို့က စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို မှတ်တမ်းရိုက်ကူးစဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမဲ့ သုံးလခန့်အကြာမှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။