စစ်ကောင်စီခန့် ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး တာဝန်မှ ရပ်စဲခံရ

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ရန်ကုန်တိုင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦးကို ဇွန်လ ၁၀ ရက်နေ့ကစပြီး ရာထူးတာဝန်က ရပ်စဲလိုက်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဇွန်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဦးအောင်သန်းဦးဟာ ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာ မြေတွေ တိုးချဲ့ချထားတာနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ခဲ့တာ မရှိလို့ အဖမ်းခံရပြီးတဲ့နောက် အခုလို ရာထူးက ရပ်စဲခံရတာလို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အဖမ်းခံရတုန်းကတော့ သူ (ဦးအောင်သန်းဦး) နဲ့ မြို့တော်ဝန် ဦးဗိုလ်ဌေးနဲ့ အတူတူ အဖမ်းခံရတာ။ အဓိကက တော့ မြေကိစ္စတွေလို့ သိရတယ်။ ဦးဗိုလ်ဌေးကတော့ ရှင်းနိုင်တဲ့အတွက် ပြန်လွတ်လာပြီ။ သူကတော့ အခု အလုပ်က ရပ်ပစ်လိုက်တယ်။ ပြီးရင် အဂတိမှုနဲ့ တရားစွဲခံရနိုင်သေးတယ်။ အခုထိကို ဖမ်းထားတုန်းပဲ ရှိသေးတယ်”

ဦးအောင်သန်းဦးနဲ့အတူ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့ အဖမ်းခံရကြောင်း ပြီးခဲ့တဲ့ မတ်လက သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အခါ သူတို့ကို ဖမ်းဆီးထားတာ မဟုတ်ဘဲ ခေါ်ယူမေးမြန်းနေတာသာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို တုံ့ပြန်ခဲ့ဖူးပါတယ်။

အဲဒီနောက်ပိုင်းမှာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက တာဝန်တွေ ပြန်လည်ထမ်းဆောင်ခဲ့ပေမယ့် ဦးအောင်သန်းဦးကိုတော့ ရာထူးတာဝန်က ရပ်စဲလိုက်တဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာပါ။

RFA က စုံစမ်းသိရသလောက် ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာ မြို့ပြနဲ့ စက်မှုအိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းနဲ့ ဒလ ကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက်ဆိုပြီး မြေဧက ၂၀ နီးပါးကို ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးဟောင်း၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်းရဲ့ မိသားစုကို ချထားပေးရာမှာ တန်ရာတန်ကြေးမရဘဲ နိုင်ငံတော်က နစ်နာတယ်ဆိုပြီး တိုင်တန်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီမြေကိစ္စနဲ့ ဆက်စပ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းရဲ့ တပည့်ဖြစ်သူ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးဟာလည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်ပေးခဲ့ရပါတယ်။

ဦးအောင်သန်းဦးကတော့ ရန်ကုန်မြို့ သန်လျင်ဇာတိဖြစ်ပြီး ဝန်ကြီးမဖြစ်ခင်က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှာ ဒုတိယဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ဖူးသူတစ်ဦး ဖြစ်သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။

၂၀၁၀ ရွေးကောက်ပွဲမှာ သန်လျင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝင်ပြိုင်ခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် စီးပွားရေးသမားတစ်ဦး ဖြစ်သူ ဦးအောင်သန်းဦးဟာ ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

သူ့ကို အလုပ်တာဝန်ကနေ ရပ်စဲလိုက်ပေမယ့် သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးလိုက်တယ်ဆိုတာကိုတော့ အခုချိန်အထိ စစ်ကောင်စီက ထုတ်ပြန်တာ မရှိသေးပါဘူး။