စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မလဲသာ၊ ညောင်ပင်နဲ့ ကန်ရင်းရွာတွေကို ဇူလိုင်လ ၁၁ ရက် မနေ့တုန်းက စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတာကြောင့် လူသုံးဦး သေဆုံးခဲ့ပြီး နေအိမ် ၁၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မလဲသာရွာက နေအိမ် ၃၀ ကျော်၊ ညောင်ပင်ရွာက နေအိမ် ၁၅ လုံးနဲ့ ကန်ရင်းရွာက နေအိမ်နဲ့တဲ ၄၀ နီးပါး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
မီးလောင်ပျက်စီးမှုတွေကို ရှင်းလင်းရေးလုပ်ပေးခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ကတော့ ညောင်ပင်ရွာအနီး နှစ်ဖက်တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး၊ ညောင်ပင်ရွာထဲမှာ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတစ်ခုနဲ့ ကန်ရင်းရွာမှာ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အတည်မပြုနိုင်သေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မလဲသာရွာက ဒေသခံအမျိုးသမီးတစ်ဦးကတော့ မီးရှို့သွားတဲ့စစ်ကြောင်းဟာ ဒီနေ့ထိ ရွာအနီးမှာ ရှိနေသေးတာကြောင့် ရွာကိုပြန်မဝင်ရဲသေးဘူးလို့ RFA ကို ပြောပါတယ်။
“ရွာအရှေ့ဘက်အခြမ်းက အိမ်အကောင်းတွေ မီးရှို့သွားတာ။ လမ်းဘေးတစ်လျှောက်က အိမ်တွေရှို့သွားတယ်။ အရင်တစ်ခေါက်က အနောက်ဘက်အခြမ်းက နေအိမ်တွေ အကုန်မီးထဲပါသွားပြီ။ ကျွန်မတို့ ရွာကိုမပြန်နိုင်သေးဘူး။ စစ်ကြောင်းက ရွာအနီးအနားမှာ ရှိနေသေးတော့လေ”
စစ်ကောင်စီတပ်က ရွာတွေထဲစီးနင်းချိန် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေး ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
အဲဒီရွာတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့လို့ နေအိမ်၊ တိုက်နယ်ဆေးရုံနဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းနှစ်နှစ်အတွင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၃,၈၁၆ လုံးမီးရှို့ဖျက်ဆီးခံခဲ့တယ်လို့ ဖော်ပြပါတယ်။