အရာတော်မှာ စစ်ကြောင်းဝင်လာလို့ ရွာလေးရွာက ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2024.04.13
အရာတော်မှာ စစ်ကြောင်းဝင်လာလို့ ရွာလေးရွာက ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ အရာတော်မြို့ကို တွေ့ရစဥ်။
အရာတော်မြို့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ကို ဧပြီလ ၁၃ ရက် ဒီနေ့မနက်ပိုင်း အင်အားခြောက်ဆယ်ခန့်ပါတဲ့စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရွာလေးရွာက ဒေသခံတစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဘော်ကုန်း၊ တမာပင်ကုန်း၊ ရွာစီကုန်းနဲ့ မကျီးစုရွာက ဒေသခံတစ်ထောင်နီးပါး ဘေးလွတ်ရာ တောတောင်တွေနဲ့ နီးစပ်ရာရွာတွေကို ထွက်ပြေးနေရတာပါ။

ဘော်ကုန်းရွာကို ဒီနေ့မနက် ၆ နာရီကျော်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တာလို့ အမည်မဖော်လိုတဲ့ အရာတော်မြို့နယ် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဘိုကုန်းကို အရင်ဝင်တာ။ ဘိုကုန်းကနေ ရွာစည်ကုန်းကိုဝင်ပြီး အဲဒီကနေတစ်ဆင့် မကျီးစုကိုဝင်တာ။ အကုန်လုံးထွက်ပြေးနေရာပ။ နေမကောင်းတဲ့သူတွေပါ အတင်းဆွဲခေါ်လာတာ။ သူတို့နဲ့တွေ့ရင် အသတ်ခံရမှာစိုးလို့။ နေပူစပ်ခါးထဲ စစ်ကြောင်းထွက်မယ့်အချိန် စောင့်နေရတာပဲ"

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဟာ မကျီးစုရွာအတွင်းမှာရှိနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနေတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းတွေ ဝင်ရောက်လာမယ့်သတင်းရတာကြောင့် ဒေသခံအများစု ကြိုတင်ရှောင်လိုက်နိုင်လို့ အဖမ်းအဆီးခံရတာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ညနေပိုင်းအထိ ဘိုကုန်းရွာကနေအိမ်တွေ မီးဆက်လောင်နေသလို လက်ရှိအထိလည်း စစ်ကြောင်းတွေရှိနေသေးတာကြောင့် မီးလောင်ပျက်စီးတဲ့ နေအိမ်တွေရဲ့အခြေအနေကို အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲကြောင့် လူဦးရေ နှစ် ဒသမ ရှစ် သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။