ရန်ကုန် ဗားကရာချောက် ပစ်ခတ်မှု လူတစ်ယောက် သေဆုံး

ရန်ကုန် စမ်းချောင်းမြို့နယ်၊ ဗားကရာချောက် မီးပွိုင့်မှာရှိတဲ့ ယာဉ်ထိန်းရုံးကို ဒီနေ့ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ သေဆုံးတာတွေ ရှိတယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။
ဗားကရာလမ်းမနဲ့ အထက်ကြည့်မြင်တိုင် လမ်းမကြီးဆုံရာ ဗားကရာချောက် မီးပွိုင့်ရဲ့ ယာဉ်ထိန်းရုံးမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို နေ့လည် ၂ နာရီခွဲဝန်းကျင်မှာ အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့လို့ တစ်ယောက် သေဆုံးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ ရဲနဲ့ စစ်သားတွေ ရောက်လာကြပြီး ဖြတ်သန်းသွားလာမယ့် ကားတွေ ကိုလည်း နောက်ကြောင်းပြန်လှည့်စေခဲ့ပါတယ်။
အဲဒီ ပစ်ခတ်ခဲ့တာတွေကြောင့် ထိခိုက်၊ သေဆုံးတာတွေကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင် သေးပါဘူး။
ဒီနေ့ မနက်ပိုင်းကလည်း ဗိုလ်တစ်ထောင်မြို့နယ်ထဲက ယာဉ်ထိန်းရုံး တစ်ခုကို အမည်မသိ အဖွဲ့တစ်ဖွဲ့ က သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသူ လေးယောက်ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။