ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ Bago Weekly ဂျာနယ်က သတင်းထောက် ကိုငြိမ်းချမ်းဝေကို စစ်ပုန်ကန်လာအောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ဒီဇင်ဘာလ ၁၆ ရက် မနေ့က ထောင်သုံးနှစ် အမိန့်ချလိုက်တယ်လို့ မိသားစုဝင် RFA ကို ဒီနေ့ပြောပါတယ်။
ကိုငြိမ်းချမ်းဝေကို သာယာဝတီထောင်တွင်းတရားရုံးကနေ အမိန့်ချခံရတာလို့လည်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။
"လက်ရှိမှာ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး။ သူတို့အမိန့်ချနေပြီးသား သူတို့လက်ထဲမှာပဲ ဒီကိစ္စတွေကရှိတာဆိုတော့ ကိုယ်လုပ်တော့ရော ဘာထူးမှာလဲ။ သက်သေအပြည့်အစုံ ခိုင်ခိုင်လုံလုံနဲ့ ထုချေခဲ့ပြီးပြီလေ။ ဒါပေမဲ့လည်း အမိန့်ချတာက ချတာပဲ။ အခုအချိန်မှာ ထောင်ဝင်စာတွေ့ပြီး သူ့ကျန်းမာရေးဂရုစိုက်ဖို့ပဲ ရှိတော့တာ"
ကိုငြိမ်းချမ်းဝေဟာ ထောင်ဒဏ်တစ်သက်အထိ အမိန့်ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၄ (က) နဲ့ပါ ရင်ဆိုင်နေရပြီး အဲဒီအမှုအတွက် လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ တတိယအကြိမ်မြောက်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးသွားဖို့ရှိတယ်လို့လည်းဆိုပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၄ (က) ဟာ ပြည်ထောင်စု ဒါမှမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်တွေနဲ့ ဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရကို မုန်းထားအောင်၊ မလေးမစားအောင်၊ မေတ္တာပျက်အောင် လှုံ့ဆော်အားထုတ် မှုအတွက် ပြဌာန်းထားတာပါ။
သတင်းထောက် ကိုငြိမ်းချမ်းဝေဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်က ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ လက်ပံတန်းမြို့နယ်က နေအိမ်မှာ စစ်သားအင်အား ၄၀ လောက်နဲ့ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာဖြစ် ပါတယ်။
အဲဒီနောက် စစ်ကြောရေးကနေတဆင့် ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ အခု အချိန်ရှစ်လအထိ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာသမား ၁၁၀ ဖမ်းဆီးခံခဲ့ရပြီး သတင်းသမား ၅၃ ယောက်ကတော့ ဖမ်ဆီးခံထားရဆဲဖြစ်ပါတယ်။