ဘန်ကောက် ပစ်ခတ်မှု မြန်မာတစ်ဦးအပါအဝင် နှစ်ဦး သေဆုံး
2023.10.03

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Siam Paragon ဈေးဝယ်စင်တာမှာ အောက်တိုဘာ ၃ ရက်နေ့က သေနတ်ပစ်ခတ်မှုဖြစ်ခဲ့လို့ မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် အနည်းဆုံးနှစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဘန်ကောက်မြို့က ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံသားတစ်ဦးနဲ့ တရုတ်နိုင်ငံသားတစ်ဦး ထိမှန်သေဆုံးခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုကြောင်း AFP သတင်းဌာနက ဖော်ပြပါတယ်။
"နှစ်ဦးသေဆုံးပါတယ်။ ငါးဦးထိခိုက်ဒဏ်ရာရပြီး သုံးဦးကို ချူလာလောင်ကွန်းဆေးရုံမှာ ကုသပေးနေပါတယ်။ သေဆုံးသွားသူတွေက နိုင်ငံခြားသားတွေပါ။ တစ်ယောက်က တရုတ်ဖြစ်ပြီး နောက်တစ်ယောက်က မြန်မာပါ"
သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် တစ်နာရီမပြည့်ခင်မှာဘဲ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
လူမှုကွန်ရက်ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုရုပ်သံတွေမှာတော့ ဆံပင်အရှည်နဲ့ ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးကို ရဲတွေက ထိန်းသိမ်းထားပြီး သူဟာ စိတ်ရောဂါဝေဒနာ ခံစားနေရပုံရကြောင်း ရဲတပ်ဖွဲ့က ပြောတယ်လို့လည်း AP သတင်းက ဆိုပါတယ်။
Siam Paragon စျေးဝယ်စင်တာဟာ ဘန်ကောက်မှာလူစည်ကားတဲ့ စျေးဝယ်စင်တာ ဖြစ်ပါတယ်။
အဲဒီမှာ ဈေးသွားဝယ်တဲ့ တရုတ်ခရီးသွား Liu Shiying က လူတွေပြေးလာတာကို မြင်ရပြီး သေနတ်သံနဲ့ အချက်ပေးသံတွေကို ကြားရတာကြောင့် ဘယ်သူမှ အပြင်မထွက်ရဲဘဲ ခဏပုန်းနေခဲ့ရပြီး နောက်ပိုင်းမှ အပြင်ကိုထွက်လာနိုင်ခဲ့ကြောင်း AP သတင်းဌာနကို ပြောထားပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် အဲဒီအနီးက Siam Square မိုးပျံရထားမှတ်တိုင်ကို အာဏာပိုင်တွေက ခေတ္တပိတ်ထားခဲ့ပြီး ညနေပိုင်း မြို့တွင်းမှာ မိုးသည်းထန်နေတာကြောင့် ခရီးသွားတွေ အပြင်မထွက်ဖို့ တားမြစ်ခဲ့ပါတယ်။