ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အောက်တိုဘာလအတွင်း မြန်မာ ၁၃၀၀ နီးပါး ဖမ်းဆီးပြန်ပို့ခံရ

RFA Burmese
2024.11.07
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အောက်တိုဘာလအတွင်း မြန်မာ ၁၃၀၀ နီးပါး ဖမ်းဆီးပြန်ပို့ခံရ နယ်စပ်တစ်နေရာတွင် စောင့်ကြပ်နေကြသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်မှာ အောက်တိုဘာလအတွင်း နယ်ခြားစောင့်တပ် (BGB) က အိန္ဒိယနဲ့ မြန်မာနိုင်ငံသား ၁၃၂၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်တွင်းသတင်းတွေက နိုဝင်ဘာလ ၇ ရက်နေ့က ဖော်ပြပါတယ်။

ဖမ်းဆီးရမိသူတွေထဲက အိန္ဒိယနိုင်ငံသား ၂၈ ဦးကို ဥပဒေအရ အရေးယူခဲ့ပြီး မြန်မာနိုင်ငံသား ၁၂၉၈ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ BGB ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြည်တွင်းသတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

BGB အနေနဲ့ တာကာ 225.88 ကုဋေတန်ဖိုးရှိတဲ့ မှောင်ခိုကုန်ပစ္စည်းတွေကို နယ်စပ်ဒေသတွေနဲ့ တခြားဒေသတွေမှာ စီးနင်းဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၄၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး မှောင်ခိုတင်သွင်းလာသူ ၂၄၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ပစ္စည်းတွေထဲမှာ ရွှေ၊ အထည်၊ အလှကုန်၊ ကျောက်မီးသွေးအပါအဝင် ထရပ်ကား၊ တွန်းလှည်းနဲ့ ဆိုင်ကယ်တို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ပစ္စတို၊ သေနတ်၊ ရိုင်ဖယ်၊ လက်ပစ်ဗုံးတွေနဲ့ ခဲယမ်းမီးကျောက်တွေလည်း ဖမ်းဆီးရမိသလို ယာဘဆေးပြား ငါးသိန်းကျော်အပါအဝင် မူးယစ်ဆေးဝါးအများအပြားလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။