ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် နယ်စပ်လုံခြုံရေးစိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော
2024.11.10
မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် လုံခြုံရေးကို စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Jashim Uddin က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ စစ်ကောင်စီမြန်မာသံအမတ် ဦးကျော်စိုးမိုးနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ နိုဝင်ဘာ ၁၀ ရက်နေ့က တွေ့ဆုံချိန် သတိပေးပြောဆိုလိုက်တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို မော်တာကျည်တွေကျတာ၊ လှေတွေ ပစ်ခတ်တိုက်ခိုက်ခံရတာ စတဲ့ ဖြစ်ရပ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နေထိုင်သူတွေရဲ့ နေ့စဉ်ဘဝကို ထိခိုက်စေပြီး တင်းမာမှုတွေ တိုးလာစေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာကို သတိပေးပြောဆိုခဲ့ပြီး အလားတူဖြစ်ရပ်တွေ ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်ပေးဖို့လည်း ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ အခြေအနေတွေ ဆိုးရွားနေတဲ့အပေါ် အထူးစိုးရိမ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အငတ်ဘေးကြုံနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)ရဲ့ လတ်တလော ခန့်မှန်းချက်အပေါ် ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဝင်ရောက်တာတွေ ထပ်မဖြစ်အောင် ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
လက်ရှိမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွင်း ဒုစရိုက်မှုတွေ မြင့်တက်လာတဲ့အပြင် စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာတာကြောင့် သူတို့ကို နေရပ်ပြန်ပို့ရေး စောစောစတင်နိုင်ဖို့ အရေးကြီးကြောင်းလည်း ထောက်ပြပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်ကောင်စီသံအမတ်က ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံလာသူတွေအရေး ဖြေရှင်းဖို့ လိုအပ်တာကို သိရှိနားလည်ပါကြောင်း တုံ့ပြန်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။