ကုလအတွင်းရေးမှူးချုပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်မည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို လာမဲ့မတ်လမှာ သွားရောက်ဖို့ရှိကြောင်း အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop)က ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲ မိုဟာမက်ယူနွတ်နဲ့ တွေ့ဆုံဆွေးနွေးချိန် ပြောခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းမှာ ဖော်ပြပါတယ်။

ဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာအရေးဖြေရှင်းဖို့ နည်းလမ်းသစ်တွေနဲ့ သူတို့ကို ထောက်ပံ့ဖို့ အလှူရှင်အရေးကိစ္စတွေ၊ ဒီနှစ်ထဲမှာ ရိုဟင်ဂျာညီလာခံ ကျင်းပမဲ့အပေါ် အကြုံပြုချက်တွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ ရိုဟင်ဂျာတွေ လုံခြုံဘေးကင်းစွာ နေရပ်ပြန်ရေးအတွက် ကုသမဂ္ဂအနေနဲ့ အစီအမံတစ်ခု ပြင်ဆင်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးစီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေးအကြံပေး Farul Azam က ကုလအထူးကိုယ်စားလှယ်ကို တောင်းဆိုခဲ့ကြောင်း Dhaka Tribue သတင်းမှာ ဖော်ပြပါတယ်။

The Finacial Express သတင်းမှာတော့ မြန်မာနိုင်ငံတွင်းက လတ်တလော ပဋိပက္ခနဲ့ အကျပ်အတည်းတွေအပြင် ရိုဟင်ဂျာအရေးဖြေရှင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးနေတယ်လို့
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။