ဘဏ်လုပ်ငန်းတွေ နိုင်ငံရေးအတွက် အသုံးချခံနေရကြောင်း လေ့လာသူတွေ ထောက်ပြ

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021-08-19
Share

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အချိန်ခုနစ်လနီးပါး ကြာလာပေမယ့်လည်း ဘဏ်တွေက ငွေထုတ်ယူဖို့ ပိုမိုခက်ခဲလာနေဆဲ ဖြစ်သလို ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းတွေ မြင့်မားလာနေတာ ကြောင့် ပြည်သူလူထု နေ့စဉ်စားဝတ်နေရေး အခက်အခဲအပြင် ငွေသွင်းငွေထုတ် အလွှဲအပြောင်းကိစ္စ အခက်အခဲတွေနဲ့ပါ ထပ်ပြီးရင်ဆိုင်နေရပါတယ်။

လက်ရှိသုံးစွဲနေတဲ့ ကျပ်ငါးထောင်တန်နဲ့ တစ်သောင်းတန်တွေကို စစ်တပ်က ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ သတင်း တွေနဲ့ ပုဂ္ဂလိကဘဏ်အချို့ ဒေဝါလီခံရတော့မယ်ဆိုတဲ့ သတင်းတွေလည်း လူထုအကြား ပျံ့နှံ့နေတာကြောင့် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှု မြင့်တက်လာတာ တွေ့ရပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုလင်းထက်အောင်က ပုဂ္ဂလိက ဘဏ်တွေရဲ့ အခြေအနေ မတည်ငြိမ်တဲ့အတွက် သူ့ရဲ့ဘဏ်အပ်ငွေတွေ ဆုံးရှုံးသွားမလားလို့ စိုးရိမ်မိတယ်လို့ RFA ကိုပြောပါတယ်။

“အခု သူတို့လုပ်နေတဲ့ပုံစံက အေတီအမ်ကိုတောင် ပေးမထုတ်တော့ဘူးပေါ့နော်။ ဟိုတလောကဆိုရင် ကိုဗစ်လည်း တော်တော်ဖြစ်သွားတော့ အောက်ဆီဂျင်အိုးကိစ္စတွေ၊ ဆေးရုံ၊ ဆေးခန်းကိစ္စတွေအတွက် တောင်မှ အေတီအမ်က လုံးဝပိုက်ဆံထုတ်မရတဲ့ အခြေအနေဖြစ်ခဲ့ရတာ။ အဲလောက်ထိကို ဆိုးရွား နေတာ။ အဲဒီအတွက် စိတ်ထဲမှာတော့ မကျေမနပ်တော့ ဖြစ်မိတာပေါ့။ ဘာဖြစ်လို့လဲဆို တော်တော် များများက အလုပ်လက်မဲ့တွေ ဖြစ်နေတယ်။ ဒီအတွက် ဘဏ်မှာအပ်ထားတဲ့ ပိုက်ဆံတွေကိုပဲ အကုန်လုံးက အားကိုးနေရတာဆိုတော့ အခုသူတို့ လုပ်ပုံတွေအရ ဆုံးရှုံးသွားမှာကိုတော့ ကြောက်တာ ပေါ့နော်။ ကျွန်တော်အပါအဝင် ဘယ်သူမဆို ကြောက်ကြတာပဲလေ။ ချွေးနဲစာလေးတွေကို စုထား ရတာဆိုတော့ စိုးရိမ်တယ်”

ဗဟိုဘဏ်ကတော့ ငါးထောင်တန်နဲ့ တစ်သောင်းတန် ငွေစက္ကူတွေ ပြန်ရုပ်သိမ်းမယ်ဆိုတာနဲ့ ဘဏ်တွေ ဒေဝါလီခံရတော့မယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှားတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဘဏ်တွေကို ပိတ်ထားခဲ့ရသလို အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံး မိုဘိုင်းအင်တာနက် ဆက်သွယ်ရေးကို ဖြတ်တောက်ခဲ့တဲ့အတွက် အင်တာနက် အသုံးပြုရတဲ့ မိုဘိုင်းငွေကြေးလုပ်ငန်းတွေပါ ရပ်တန့်သွားခဲ့ပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်က ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစလို့ အေတီအမ် ငွေထုတ်စက်တွေကနေ တစ်ရက်ကို ကျပ်ငွေ ငါးသိန်းသာ ထုတ်ယူခွင့်ပေးပြီး ဘဏ်စာရင်းတွေကနေတော့ တစ်ပတ်ကို ကျပ်သိန်း ၂၀ အထိသာ ထုတ်ယူနိုင်မယ်လို့ စတင်ကန့်သတ်ခဲ့ပါတယ်။ မတ်လ ၃ ရက် နေ့မှာတော့ တစ်နေ့ကို သုံးသိန်းကျပ်နဲ့ တစ်ပတ်ကို အများဆုံး သိန်း ၂၀ သာ ထုတ်ယူနိုင်မယ်လို့ လျှော့ချသတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ပြည်သူတွေဟာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ တစ်နေ့ သုံးသိန်းကျပ် ထုတ်ယူခွင့် ရရှိရေးအတွက် လနဲ့ချီပြီး စောင့်ဆိုင်းနေကြရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ကမ္ဘောဇဘဏ် အမှတ်(၁) က ဝန်ထမ်းတွေကို မေးမြန်း စုံစမ်းရာမှာ တစ်နေ့ကို လူဦးရေ ၂၀ အထိသာ ဘဏ်က ငွေထုတ်ပေးကြောင်းနဲ့ အခုလက်ရှိမှာ ငွေထုတ်နိုင်ဖို့အတွက် စာရင်းပေးထားသူဟာ လာမယ့် နိုဝင်ဘာလအထိ စာရင်းပြည့်နေပြီဖြစ်လို့ နောက်ထပ် စာရင်းပေး သွင်းသူတွေအနေနဲ့ ကိုယ့်ငွေသုံးသိန်းကို ပြန်ထုတ်ယူနိုင်ဖို့အတွက် အချိန် သုံးလလောက်ထိ စောင့်ဆိုင်းရနိုင်ကြောင်း ပြောကြပါတယ်။

bank waiting
(ငွေထုတ်ယူရန် ဘဏ်ရှေ့မှာ စောင့်ဆိုင်းနေသူများကို ၂၀၂၁ ဧပြီ ၁၂ ရက်နေ့က တွေ့ရစဉ်) Photo: AFP

ဒီလို အခက်အခဲတွေကြောင့် ပြည်သူတွေဟာ ကိုယ့်ဘဏ်အကောင့်ထဲက ငွေတွေကို ပြန်ထုတ်နိုင်ရေးအတွက် ဘဏ်ရဲ့ပြင်ပမှာပဲ ရာခိုင်နှုန်းတစ်ခုသတ်မှတ်ပြီး ငွေသား လဲလှယ်ပေးသူတွေကို အားကိုးလာတာ တွေ့ရပါတယ်။

ရန်ကုန်မြို့အခြေစိုက် ပုဂ္ဂလိကဘဏ်တစ်ခုက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကြီးတန်းအရာရှိတစ်ဦးက ဗဟိုဘဏ်ရဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေအနေနဲ့ ဘဏ်တွေအပေါ် ယုံကြည်မှုပျောက်ဆုံးလာတယ်လို့ RFA ကို ပြောပါတယ်။

“ပြည်သူတွေနဲ့ ဘဏ်တွေကြားမှာ ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့က တော်တော်လေးကို ခက်ခဲသွားပြီ။ ဘာလို့လဲဆိုတော့ အခုပဲကြည့်လေ။ ဘယ်လိုလဲဆိုတော့ ကိုယ်အပ်နှံ ထားတဲ့ ကိုယ့်ပိုက်ဆံတွေကိုတောင် ထုတ်လို့မရဘူး။ ထုတ်ရင်လည်း အပြင်မှာ ရာခိုင်နှုန်းပေးပြီး ထုတ်မှရတယ်။ ဒီဘဏ်တွေကို၌ကကော ကိုယ့်ရဲ့ စားသုံးသူတွေကိုရော ဂရုစိုက်လားဆိုတော့ ဂရုမစိုက်နိုင်တော့ဘူး။ အေတီအမ်တွေမှာ ပိုက်ဆံ မဖြည့်ပေးနိုင်တော့ဘူး။ ဒီငွေလာထုတ်တဲ့ သူတွေအပေါ်မှာ ဆက်ဆံတဲ့ ပုံစံတွေကလည်း ပြောင်းသွား ကြပြီ။ ဆိုတော့ ပြည်သူတွေကတော့ ဘဏ်တွေကို ယုံကြည်မှုတော်တော်ကို လျော့သွားပြီ။ ဘဏ်တွေကို ညွှန်ကြားချက်တွေ ပေးနေတဲ့ ဗဟိုဘဏ်အပေါ် အဓိက မယုံကြည်တာပေါ့နော်”

ဗဟိုဘဏ်အနေနဲ့ မိုဘိုင်းငွေကြေး ပေးချေမှုတွေကို ခွင့်ပြုထားပေမယ့် အပြင်မှာက ငွေသားကိုသာ အဓိက အသုံးပြုနေကြရတဲ့အတွက် ဘဏ်တွေကနေ ငွေထုတ်ဖို့ ခက်ခဲနေသရွေ့ ယုံကြည်မှုကို ပြန်တည်ဆောက် နိုင်မှာ မဟုတ်သလို စစ်ကောင်စီအနေနဲ့ ပြည်သူလုထု လက်မခံနိုင်တဲ့ စနစ်ကို အသက်မသွင်းဖို့ လိုအပ်တယ် လို့လည်း သူက ထောက်ပြပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ ပုဂ္ဂလိကဘဏ်တွေရဲ့ တစ်နေ့တာ ငွေစာရင်း အချက်အလက်တွေကို ဗဟိုဘဏ်ကို နေ့စဉ် ပို့ပေးနေရတယ်လို့လည်း သူက ဆိုပါတယ်။ အခုလက်ရှိမှာလည်း ဗဟိုဘဏ်အနေနဲ့ နေ့စဉ်တက်လာတဲ့ ငွေအလွှဲအပြောင်း စာရင်းတွေကိုကြည့်ပြီး ဖမ်းဆီးတာ၊ ဘဏ်အကောင့် တွေကို ပိတ်ခိုင်းတွေနဲ့သာ အလုပ်များနေပြီး ပုဂ္ဂလိကဘဏ်တွေ ပုံမှန်လည်ပတ်နိုင်ဖို့နဲ့ ငွေကြေးစီးဆင်းမှုစနစ် ပိုမိုကောင်းမွန်လာရေးကို တွေးဆဖို့ စစ်ကောင်စီမှာ အချိန်ရှိပုံမရဘူးလို့လည်း အဲဒီပုဂ္ဂလိက ဘဏ်အရာရှိက ဝေဖန်သွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံပိုင်ဘဏ် လေးခု၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၇ ခု၊ နိုင်ငံခြားဘဏ်ခွဲ ၁၇ ခု၊ နိုင်ငံခြား ဘဏ်လုပ်ငန်းခွဲ သုံးခု ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ - ၇ မှာ ဗဟိုဘဏ်ဟာ မိမိရဲ့ အဓိကရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေ အောင်မြင်စေဖို့ ဒီဥပဒေပါ လုပ်ငန်းတာဝန် တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို လွတ်လပ်စွာ ကျင့်သုံး ဆောင်ရွက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာပဲ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ နေရာတွေမှာ စိတ်ကြိုက်ရွေးချယ်ထားသူ နှစ်ဦးကို တိုက်ရိုက် ခန့်အပ်လိုက်ပြီး ဗဟိုဘဏ်လုပ်ငန်းတွေကို နိုင်ငံရေးမှာ အသုံးချနေတာ တွေ့ရတယ်လို့လည်း လေ့လာသူတွေက ထောက်ပြဝေဖန်ကြပါတယ်။

ပြည်သူတွေနဲ့ ဘဏ်တွေကြားမှာ ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့က တော်တော်လေးကို ခက်ခဲသွားပြီ

ဗဟိုဘဏ်အနေနဲ့ သီးခြားလွတ်လပ်စွာ ဆုံးဖြတ်ခွင့်မရဘဲ စစ်ကောင်စီရဲ့အမိန့်အတိုင်းသာ လိုက်နာ အကောင်အထည်ဖော်နေတာကို မြင်တွေ့ရတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး သုတေသီ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“ကျွန်တော်တို့ စစ်အုပ်ချုပ်ရေးအောက်မှာ ရှိခဲ့တဲ့အချိန်တုန်းက ငွေကြေးဆိုင်ရာမူဝါဒနဲ့ အဲဒီစနစ်တွေ အကုန်လုံးကို စစ်ခေါင်းဆောင်ကပဲ ထိန်းချုပ်တာပဲလေ။ အဲကနေပြီးမှ ကမ္ဘာ့ဈေးကွက်နဲ့ ချိတ်ဆက်ဖို့ အတွက် Exchange rate ကအစ စီစဉ်ဆောင်ရွက်ပြီးတော့ ပြောင်းလဲကြိုးစားပြီးတော့ တကယ် လွတ်လပ်တဲ့ ဗဟိုဘဏ်စီမံခန့်ခွဲတဲ့ စနစ်ပုံစံမျိုးဖြစ်အောင်လို့ ကြိုးစားလိုက်တာ မကြာသေးဘူး။ အဲတော့ အခုအချိန်မှာတော့ ကျွန်တော်တို့ သိသာတာက ဗဟိုဘဏ်အနေနဲ့ဆိုရင်လည်း သူ့မှာ လွတ်လပ်တဲ့ စီမံဆုံးဖြတ်ပိုင်ခွင့်တွေကို လွတ်လွတ်လပ်လပ်နဲ့ လုပ်နေတယ်လို့ ကျွန်တော်မယူဆဘူး။ အထက်က ညွှန်ကြားချက်နဲ့သူတို့ ဆုံးဖြတ် ရတာမျိုးရှိသလို တကယ်လိုအပ်တဲ့ ဆုံးဖြတ်မှုမျိုးတွေကို ဆုံးဖြတ်ဖို့ လိုလာတဲ့အချိန်မှာလည်း ခွင့်ပြုမိန့်ယူပြီးမှ ဆုံးဖြတ်နေရတဲ့ သဘောကတော့ ပေါ်လွင်နေတယ်”

စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွေကို ငွေကြေးထောက်ပံ့မှုတွေ ရှိလာချိန်မှာ ဗဟိုဘဏ်က ငွေကြေးလည်ပတ်မှုတွေကို စတင်ထိန်းချုပ်ခဲ့တာ ဖြစ်သလို NUG နဲ့ CRPH အဖွဲ့တွေရဲ့ ငွေကြေးစီးဆင်းမှုတွေကို ကန့်သတ်ချင်လို့ အခုလို ထိန်းချုပ်နေတယ်ဆိုတာကလည်း သိသာ ထင်ရှားတယ်လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

စစ်တွေမြို့မှာ နေထိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးမြင့်ဇော် ကလည်း အခုမြန်မာနိုင်ငံမှာ ကြုံတွေ့ နေရတာက ပုဂ္ဂလိကဘဏ်တွေရဲ့ ပြဿနာ ငွေကြေးပြဿနာ သီးသန့်မဟုတ်ဘဲ ဘဏ္ဍာရေး ကဏ္ဍကို နိုင်ငံရေးမှာ အသုံးချနေတာကြောင့် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းမှာ ငွေကြေးဆိုတာက အဓိက ကုန်စည်ပါ။ ဒီကုန်စည် ဒီငွေကြေးကို မလည်ပတ်ရတော့ဘူး ဆိုကလည်းက ဒါကြီးက မှားနေပြီခင်ဗျ။ ဗဟိုဘဏ်အနေနဲ့ ဒီငွေကြေးကို ထိန်းချုပ်တယ်ဆိုတာက ဗဟိုဘဏ်ရဲ့ ပြဿနာမဟုတ်ဘူး။ ဒါက နိုင်ငံရေးပြဿနာပါ။ တချို့တွေက ခန့်မှန်းတာရှိပါတယ်။ အပ်ငွေတွေကို အကုန်လုံး ထုတ်ရမယ်ဆိုလို့ရှိရင် ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ ထုတ်ပေးနိုင်မယ် မဟုတ်ဘူးဆိုပြီးတော့ပေါ့။ အဲလိုမျိုး ထင်နေကြတာက မှားပါတယ်။ ဘာလို့လဲ ဆိုတော့ ပုဂ္ဂလိကဘဏ်တွေက ချေးငွေတွေ ထုတ်ပေးတဲ့ အချိန်မှာ ဘဏ်မှာ လာအပ်ထားကြတဲ့ ငွေတွေရဲ့ ၂၅ ရာခိုင်နှုန်းကိုပဲ ထုတ်ချေးကြတာပါ။ ပြည်သူတွေက ကိုယ့်ငွေကိုယ် ပြန်ပြီးထုတ်မယ်ဆိုရင်တောင်မှ ဗဟိုဘဏ်အနေနဲ့ကော၊ ပုဂ္ဂလိကဘဏ် အနေနဲ့ကော အခက်အခဲ လုံးဝမရှိနိုင်ဘူးလို့ ကျွန်တော် ယူဆ ပါတယ်။ အခုပြဿနာက ငွေကြေးပြဿနာ မဟုတ်ဘဲနဲ့ နိုင်ငံရေးပြဿနာအပေါ်မှာ ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေး ကဏ္ဍက နိုင်ငံရေးပြဿနာထဲမှာ ကြားခံအဖြစ်အသုံးချ ခံနေရတယ်လို့ပဲ ကျွန်တော် ယူဆတယ်ဗျ”

ပုဂ္ဂလိက ဘဏ်တာဝန်ရှိသူတွေက ဗဟိုဘဏ်ရဲ့ ညွှန်ကြားနဲ့အညီ ကန့်သတ်ထားရတာလို့ အလွယ်တကူ အကြောင်းပြလို့ရပေမယ့် အခုလိုကန့်သတ်မှုရဲ့ နောက်ကွယ်မှာ ထိခိုက်နစ်နာနေရတာက ပြည်သူလူထုသာ ဖြစ်တယ်လို့လည်း ဦးမြင့်ဇော်က ပြောပါတယ်။

ဗဟိုဘဏ်ကထုတ်ပြန်တဲ့ ၂၀၁၈/၁၉ ဘဏ္ဍာရေး နှစ်ချုပ်အစီရင်ခံစာမှာ ဘဏ်လုပ်ငန်း စနစ်ထဲက မဟုတ်ဘဲ နိုင်ငံအတွင်းက စီးပွားရေးစနစ်ထဲမှာ လည်ပတ်စီးဆင်းနေတဲ့ ငွေပမာဏဟာ ၂၀၁၇ ခုနှစ်က ကျပ်သန်းပေါင်း ၉၉၇၃၁၅၂၊ ၂၀၁၈ ခုနှစ်မှာ ကျပ်သန်းပေါင်း ၁၁၅၀၄၂၇၉၊ ၂၀၁၉ ခုနှစ်မှာ ကျပ်သန်းပေါင်း ၁၃၀၆၃၃၈၄ စသဖြင့် နှစ်စဉ် တိုးတက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အခု စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း ငွေကြေးတွေကို ကန့်သတ်ထားတဲ့ နောက်ဆက်တွဲ အနေနဲ့ ငွေသားနဲ့ လည်ပတ်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောကြ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ငွေကြေး ကန့်သတ်မှုတွေ လုပ်ထားရတာက နောက်ခံအကြောင်းရင်းတွေ ရှိလို့ဖြစ်ပြီး ကန့်သတ်ထားတဲ့ပမာဏကို လောလောဆယ် ဖြေလျှော့ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

အဲဒီ နောက်ခံအကြောင်းတရားတွေက ဘာတွေလဲဆိုတာကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

ဘဏ်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေလက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းနဲ့ အခု သြဂုတ်လထဲမှာ ဖြေလျှော့ပေးမယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

ဒါပေမဲ့ အခုသြဂုတ်လ တတိယပတ်ရောက်တဲ့အထိ ပုဂ္ဂလိကဘဏ်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ဖြေလျှော့ပေးတာ မတွေ့ရသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ပတ်သက်ပြီးတော့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေကိုသာ အကောင့်ပိတ်တာ၊ အရေးယူတာတွေ လုပ်မယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က နိုင်ငံပိုင် မီဒီယာတွေကတစ်ဆင့် သတိပေးလာတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့