လက်နက်ချသူတွေရဲ့ သစ္စာဖောက်မှုကို PDF အဖွဲ့တချို့ခံနေရ

စစ်တပ်ထုတ်ပြန်တဲ့အရေအတွက်ထဲမှာ PDF အဖွဲ့ဝင်တချို့ပါနိုင်ပေမဲ့ အများစုက ဖန်တီးထားတဲ့သူတွေဖြစ်။

အာဏာသိမ်းစစ်တပ်ဟာ အစိုးရအဖွဲ့အဖြစ်အသွင်ပြောင်းနေတဲ့ဒီလပိုင်းမှာပဲ PDF တွေရာနဲ့ချီ လက်နက်ချလာတယ်ဆိုတဲ့သတင်းထုတ်ပြန်တာ နှစ်ကြိမ်ရှိလာပါတယ်။

လက်နက်ချသူတွေရဲ့ သစ္စာဖောက်မှုကို PDF အဖွဲ့တချို့ခံနေရ (RFA Burmese)

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မတ်လ ၁၉ ရက်နေ့က PDF အဖွဲ့ဝင် ငါးရာကျော်၊ ဧပြီလ ၂၄ ရက်နေ့မှာတခါ PDF အဖွဲ့ဝင် ငါးရာကျော် ပူးပေါင်းလာတယ်လို့ သတင်းစာတွေမှာဖော်ပြ ပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်လို့ PDF အဖွဲ့တာဝန်ခံတွေနဲ့ နိုင်ငံရေးအကဲခတ်တွေကတော့ စစ်တပ်ထုတ်ပြန်တဲ့အရေအတွက်ထဲမှာ PDF အဖွဲ့ဝင်တချို့ပါနိုင်ပေမဲ့ အများစုက ဖန်တီးထားတဲ့သူတွေဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

ဒါပေမဲ့ လက်နက်ချတဲ့ PDF အဖွဲ့ဝင်စစ်စစ်တွေထဲမှာ မိုးကုတ် TRI ဗျူဟာက တပ်ဖွဲ့ဝင်တချို့ လည်း ပါဝင်ပြီး သူတို့ရဲ့ သစ္စာဖောက်တာခံရတယ်လို့ အဖွဲ့ရဲ့ နည်းဗျူဟာမှူး ကိုဝေမိုးကျော် က RFA ကို ပြောပါတယ်။

“စစ်ကောင်စီကလည်း အလင်းဝင်တဲ့ရဲဘော်တွေကို location (စခန်းတည်နေရာ) တွေ မေးတာ၊ တချို့ကလည်း ပြောပြကြတာပေါ့။ အဲဒါမို့လည်း ကျွန်တော်တို့က ခဏခဏဌာနေ ပြောင်းရွှေ့ရတယ်။ ကျန်ခဲ့တဲ့ စစ်ရှောင်မိသားစုတွေအတွက်လည်းအန္တရာယ်ရှိတယ်။ အန္တရာယ်ရှိတဲ့ ဥပမာတစ်ခုက သင်္ကြန်တုန်းက Suicide Drone တွေ ကျွန်တော်တို့ဌာနေကို အချခံရတယ်။ အဲဒီနေရာကို ပြောင်းရွှေ့ထားတာအသစ်ပဲရှိသေးတယ်။ အဲဒီဌာနေကနေ အလင်းဝင်သွားတဲ့ ရဲဘော်ရှိတယ် အဲဒီတုန်းက”

မိုးကုတ် TRI ဗျူဟာအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမျိုးသမီးတချို့အပါအဝင် တပ်ဖွဲ့ဝင် ၃၅ ယောက် ကို (နာမည်ပျက်စာရင်း) အမည်ပျက်စာရင်းကြေညာပြီး တပ်ကနေထုတ်လိုက်ပါတယ်။ အဲဒီအထဲက ၁၅ ယောက်လောက် စစ်တပ်နဲ့ ပူးပေါင်းသွားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ (နာမည်ပျက်စာရင်း) အမည်ပျက်စာရင်း ကြေညာခံရတဲ့သူတွေကို RFA က ဆက်သွယ်ခဲ့ပေမဲ့ မရသေးပါဘူး။

အခု စစ်တပ်ဆီလက်နက်ချတယ်ဆိုတဲ့သူတွေထဲမှာ မိုးကုတ် TRI ဗျူဟာအပြင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ အာရက္ခတပ်တော် AA၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ မန္တလေး၊ မကွေး၊ သပိတ်ကျင်း၊ မင်းဘူး၊ ယင်းမာပင် စတဲ့ ဒေသတွေက PDF တွေ စုစုပေါင်း အဖွဲ့ ငါးဆယ်လောက် ပါဝင်တယ်လို့ စစ်တပ်က ကြေညာထားတာပါ။

ဒါကြောင့် နောက်ဆက်တွဲ နယ်မြေလုံခြုံရေးအတွက်သတိထားလာရတယ်လို့ 96 Soldiers-PDF (အညာဒေသတပ်ခွဲ) ပြောရေးဆိုခွင့်ရှိသူ ကိုဇေယျာလွင်က RFA ကိုပြောပါတယ်။

“ကျန်ခဲ့တဲ့ကျွန်တော်တို့အတွက် လုံခြုံရေးဆိုင်ရာစိုးရိမ်စိတ်ရှိပါတယ်။ သူတို့ဘက်က ရတဲ့သတင်း အချက်အလက်အကုန်လုံးယူမှာပဲ၊ ပြီးရင် ကျွန်တော်တို့ဘက်ခြမ်းကို တန်ပြန် တုံ့ပြန်လာမယ့်ကိစ္စတွေ ရှိလာမယ်။ ရှိလည်းရှိနေတယ်။ လေကြောင်းနဲ့ပဲဖြစ်ဖြစ် မြေပြင်မှာပဲဖြစ်ဖြစ်ပေါ့နော်”

ဒီအခြေအနေကြာင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်တပ်ဘက်က စိတ်ဓာတ်စစ်ဆင်ရေး လုပ်ပြီး ဖြိုခွဲဖို့ကြိုးစားလာနိုင်တယ်လို့ CDM တပ်မတော်သား ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

“သူတို့အဓိက စစ်ကြောချက်ယူမယ်။ ပြန်ပြီး တတ်နိုင်သမျှ ဆင့်ပွားစည်းရုံးခိုင်းတာပေါ့။ မင်းတို့ အနည်းဆုံး အနည်းဆုံး နှစ်ယောက်၊ သုံးယောက် စုပေးရင် မင်းတို့ လွတ်မယ်ပေ့ါ ဒီလိုမျိုး မက်လုံး ပေးပြီး ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေ သေချာပေါက်လုပ်မယ်”