ရိုဟင်ဂျာ သတ်ဖြတ်ခံရခြင်းအတွက် Facebook ကို လျော်ကြေးတောင်းတဲ့အမှု အယူခံရုံးပယ်ချ

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနစ်နာမှုအတွက် Facebook ဆီက ဒေါ်လာ သန်း‌ပေါင်း ၁၅၀,၀၀၀ (၁၅၀ ဘီလီယံ) ရလိုကြောင်း တရားစွဲထားတဲ့အမှုဖြစ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို အထောက်အပံ့ ဖြစ်စေခဲ့တဲ့ အမုန်းစကားတွေ ရေးသားဖြန့်ဝေတာကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့မှုနဲ့ Meta ကုမ္ပဏီ(ယခင် Facebook၊ ယခု မိခင်ကုမ္ပဏီ) အပေါ် အမည်ဖော်ပြမထားတဲ့ ရိုဟင်ဂျာနှစ်ဦးက တရားစွဲဆို နစ်နာကြေး တောင်းတဲ့အမှုကို အမေရိကန်ပြည်ထောင်စု နဝမမြောက် အယူခံ ခရိုင်တရားရုံးက ဧပြီလ ၂၈ ရက်နေ့က ပယ်ချလိုက်ပါတယ်။

“နစ်နာကြေးလျှောက်ထားသူတွေအနေနဲ့ Facebook ရဲ့ တည်ဆောက်ထားတဲ့ ဒီဇိုင်းအခင်းအကျင်းနဲ့ လူတွေရဲ့ အဇျတ္တမှာရှိတတ်တဲ့ မကောင်းမှု ဒုစရိုက် စိတ်တွေပူးပေါင်းမိသွားတဲ့အတွက် လက်တွေ့ အပြင်လောကမှာ လူသားတွေကို အန္တရာယ်ပြုတဲ့ အခြေအနေကို ရောက်ခဲ့ရတာလို့ ယုံကြည် ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေးကျင့်ဝတ်ဥပဒေ ( Communications Decency Act) ပုဒ်မ ၂၃၀ ကို တရားသူကြီးတွေ အဓိပ္ပာယ်ကောက်ယူချက်အရ ငြိစွန်းတာမရှိဘူးလို့ တွေ့ရပါတယ်။ လူတွေရဲ့ မကောင်းတဲ့ စိတ်ကြောင့် လက်တွေ့ဖြစ်လာတဲ့ စိတ်မကောင်းစရာ ဒုစရိုက်မှုတွေအတွက် (Facebook မိခင်ကုမ္ပဏီဖြစ်တဲ့) Meta မှာ တာဝန်မရှိပါဘူး”လို့ အမေရိကန် အယူခံရုံး ခရိုင်တရားသူကြီး ရိုင်ယံနယ်လ်ဆင် (Ryan Nelson)က စာမျက်နှာ ၂၀ ပါ တရားရုံး ဆုံးဖြတ်ချက်မှာ ပြောကြားထားပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာနိင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ မှားယွင်းသတ်ဖြတ်ခံရတာ၊ စိတ်ပိုင်းရုပ်ပိုင်း ထိခိုက်နာကျင်ရတာ၊ ပိုင်ဆိုင်မှုပစ္စည်း ဆုံးရှုံးရတာ စတဲ့နစ်နာမှုအတွက် အမေရိကန်ဒေါ်လာ သန်း‌ပေါင်း ၁၅၀,၀၀၀ (၁၅၀ ဘီလီယံ) ရလိုကြောင်း အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးတစ်ရုံးမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တရားစွဲဆို လျှောက်ထားခဲ့တာပါ။

ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေ ပိုဆိုးသွားအောင် Facebook ပလက်ဖောင်းရဲ့ အယ်ဂိုရစ်သမ်က လုပ်ဆောင်ခဲ့တယ်လို့ လျှောက်ထားသူတွေက စွပ်စွဲထားပါတယ်။ ဒီကိစ္စကို ဒေသိယဘာသာစကား ကျွမ်းကျင်သူတွေ၊ နောက်ခံနိုင်ငံရေး နားလည်သူတွေနဲ့ မစစ်ဆေးခဲ့တဲ့အတွက် Facebook ကုမ္ပဏီမှာ တာဝန်ရှိတယ်ဆိုပြီး နစ်နာကြေးပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

ဒီအမှုကို အောက်တရားရုံးက တရားစွဲနိုင်တဲ့ နှစ်နှစ်သက်တမ်း ကျော်လွန်သွားပြီလို့ ၂၀၂၄ နှစ်ဆန်းမှာ ဆုံးဖြတ်ပြီး ပယ်ချခဲ့ပါတယ်။ အဲဒီလိုပယ်ချအပြီး ၂၀၂၄ ဒီဇင်ဘာလမှာ အယူခံရုံးကို အမှုဆက်တင်ရာမှာ အခုလို အယူခံရုံးက ပယ်ချလိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှာ Facebook ဟာ အဓိက အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍ(determining role) မှာ ရှိခဲ့တယ်လို့ ၂၀၁၈ မတ်လက မှတ်ချက်ချခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန် ခရိုင်အယူခံရုံး သုံးဦးထိုင် တရားသူကြီးတွေကတော့ အောက်ရုံးဆုံးဖြတ်ချက် အတိုင်းပဲ ပယ်ချခဲ့တာဖြစ်တယ်လို့ Courthouse News သတင်းဌာနက ဖော်ပြထားပါတယ်။