ဖေ့စ်ဘွတ်ခ်ကိုလျော်ကြေးတောင်းတဲ့အမှု ပယ်ချခံရတဲ့အပေါ်  ရိုဟင်ဂျာတွေ အယူခံတင်

RFA Burmese
2024.12.05
ဖေ့စ်ဘွတ်ခ်ကိုလျော်ကြေးတောင်းတဲ့အမှု ပယ်ချခံရတဲ့အပေါ်  ရိုဟင်ဂျာတွေ အယူခံတင် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: Reuters

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ပိုဆိုးသွားစေတဲ့ အမုန်းစကားဖော်ပြချက်တွေ ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့မှုနဲ့ Meta (ယခင် Facebook) ကုမ္ပဏီအပေါ် နစ်နာကြေးတောင်းတဲ့ကိစ္စကို အမေရိကန်တရားရုံးက ပယ်ချခဲ့တာနဲ့ပတ်သက်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက အယူခံတင်သွင်းလိုက်ပါတယ်။

ရိုဟင်ဂျာတွေ မှားယွင်းသတ်ဖြတ်ခံရတာ၊ စိတ်ပိုင်းရုပ်ပိုင်း ထိခိုက်နာကျင်ရတာ၊ ပိုင်ဆိုင်မှုပစ္စည်း ဆုံးရှုံးရတာ စတဲ့နစ်နာမှုအတွက် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ ရလိုကြောင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးတစ်ရုံးမှာ တရားစွဲဆို လျှောက်ထားခဲ့တာပါ။

ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေ ပိုဆိုးသွားအောင် Facebook ပလက်ဖောင်းရဲ့ အယ်ဂိုရစ်သမ်က လုပ်ဆောင်ခဲ့တယ်လို့ လျှောက်ထားသူတွေက စွပ်စွဲထားပါတယ်။ ဒီကိစ္စကို ဒေသိယဘာသာစကား ကျွမ်းကျင်သူတွေ၊ နောက်ခံနိုင်ငံရေး နားလည်သူတွေနဲ့ မစစ်ဆေးခဲ့တဲ့အတွက် Facebook ကုမ္ပဏီမှာ တာဝန်ရှိတယ်ဆိုပြီး နစ်နာကြေးပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လျှောက်ထားတဲ့ဖြစ်ရပ်အတွက် တရားစွဲနိုင်တဲ့ နှစ်နှစ်သက်တမ်း ကျော်လွန်သွားပြီလို့ တရားရုံးက ဆုံးဖြတ်ပြီး အခုနှစ်အစောပိုင်းမှာ အမှုကို ပယ်ချခဲ့ပါတယ်။

အခုတစ်ခါ ဒီဆုံးဖြတ်ချက်ကို ပြန်ပြီးကြားနာပေးဖို့ အမည်မဖော်လိုတဲ့ တရားလိုနှစ်ဦးက ဝါရှင်တန်ပြည်နယ် ဆီယက်တယ်မြို့က တရားရုံးတစ်ရုံးကို လျှောက်ထားခဲ့တာလို့ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Courthouse News သတင်းဌာနက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။