ရန်ကုန်မြို့အတွင်းက ကလပ်နဲ့ ဘားအပါအဝင် နေရာလေးခုမှာ မတ်လ ၈ ရက် မနေ့ ညပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို ပြောပါတယ်။
ဒီပေါက်ကွဲမှုတွေဟာ ရန်ကုန်မြို့က Brave Bar ၊ Sky Way Club & KTV၊ ယာဉ်ထိန်း ရဲကင်း တစ်ခုနဲ့ လှိုင်သာယာမြို့နယ်က ဆိုင်ကယ်ပြင်ဆိုင်တစ်ခုတို့မှာ မတ်လ ၈ ရက် မနေ့က ည ၈ နာရီကနေ ၁၀ နာရီအတွင်း ဖြစ်ခဲ့တာပါ။
အလုံမြို့နယ်ထဲက Sky Way Club & KTV မှာ မနေ့ည ၈ နာရီဝန်းကျင်က ဗုံးဖောက်ခွဲ ခဲ့တယ်ဆိုပြီး Dark Shadow ဆိုတဲ့ အဖွဲ့က ထုတ်ပြန်ထားသလို ဆိုင်ရဲ့ အပြင်မှာပဲ ပေါက်ကွဲခဲ့တာမို့ ထိခိုက်မှု မရှိခဲ့ဘူးလို့ အဲဒီဆိုင်က လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ယောက်က RFA ကို ပြောပါတယ်။
Sky Way Club & KTV ဟာ စစ်ကောင်စီကို အခွန်အခ ပေးဆောင်နေတဲ့အတွက် ဒီလို လုပ်ဆောင်ရတာလို့ Dark Shadow အဖွဲ့က ဆိုပါတယ်။
အဲဒီ မတိုင်ခင်ကလည်း ကြည့်မြင်တိုင် ကမ်းနားလမ်းနဲ့ အလုံလမ်းထောင့်က ယာဉ်ထိန်း ရဲကင်းကို Dark Shadow အဖွဲ့ကပဲ တိုက်ခိုက်ခဲ့တယ်လို့ သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုပဲ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Bar မှာလည်း မနေ့ညပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး စစ်ကောင်စီကို အခွန်အခ ပေးဆောင်နေတဲ့ အတွက် ဒီလိုဖောက်ခွဲမှု လုပ်ရတာလို့ Brave Bar Justice Bringer Force - JBF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
RFA အနေနဲ့ ထိခိုက်၊ သေဆုံးမှု ရှိ၊ မရှိ သိရဖို့ Brave Bar က တာဝန်ရှိသူတွေကို တယ်လီဖုန်းကနေ ဆက်သွယ်စုံစမ်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ည ၉ နာရီ ၄၅ မိနစ်ဝန်းကျင်မှာတော့ လှိုင်သာယာမြို့နယ်၊ ၉ ရပ်ကွက်၊ ဘားအံလမ်း ပေါ်က ဆိုင်ကယ် ပြင်ဆိုင်တစ်ခုမှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
RFA နဲ့ စကားပြောခဲ့ရတဲ့ ဒေသခံ တစ်ယောက်ကတော့ အဲဒီဆိုင်ဟာ စစ်ကောင်စီနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုထားပြီး ထိခိုက်၊ သေဆုံးမှု မရှိဘူးလို့ ပြောပြပါတယ်။
ဒီဆိုင်ကယ်ဆိုင်ဟာ စစ်ကောင်စီရဲ့ ထောက်တိုင်ဖြစ်တဲ့အတွက် ဖောက်ခွဲခဲ့ရတယ်လို့ From Zero To Hero ဆိုတဲ့အဖွဲ့ကလည်း ထုတ်ပြန်ထားပြီး အဲဒီဆိုင် ပေါက်ကွဲမှုကြောင့် အနီးနားက ဆေးခန်းတစ်ခုက မှန်ကွဲခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့က မြို့ပြ ပြောက်ကျားအဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ထောက်တိုင်အဖြစ် ငွေကြေးထောက်ပံ့ ပေးနေတဲ့ ဘား၊ ကလပ်နဲ့ KTV တွေကို တိုက်ခိုက်သွားမယ်လို့ ကြေညာထားကြပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းကလည်း Transporter Bar မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။