၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံး
2023.11.27
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့က (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အနီးတစ်ဝိုက်မှာ နိုဝင်ဘာလ ၂၆ ရက်မနေ့ ညပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း ဒေသခံ အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ည ခုနစ်နာရီလောက်ကနေစပြီးဖြစ်တာ မနက် နှစ်နာရီအထိ ဆက်တိုက်ပဲ။ ကုန်သွယ်ရေးဇုန်ထဲမှာလည်း လက်နက်ကြီးတွေ ကျတယ်။ ဒရုန်းနဲ့ ဗုံးကြဲတာလည်း ရှိတယ်။ အိမ်ခန်းထဲကို လက်နက်ကြီးကျည်ကျတာ ကားဆရာတစ်ယောက်တော့ လက်နက်ကျည်ထိပြီး သေသွားတယ်ဗျ”
စစ်ကောင်စီတပ်က (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ် ခဲ့သလို အဲဒီနေရာကို မြောက်ပိုင်းအဖွဲ့ဘက်ကလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲကြောင့် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ထဲက ကုန်စစ်ဆေးရေးစင်နဲ့ အဆောက်အအုံ အချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ အဓိက အရေးပါတဲ့ မူဆယ် ကျင်စန်းကျော့ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက် ခဲ့ပါတယ်။
အဲဒီလို သိမ်းပိုက်ပြီးနောက်ပိုင်း နိုဝင်ဘာလ ၂၆ ရက်မနေ့ နေ့လယ်ပိုင်းကစပြီး မူဆယ် (၁၀၅) မိုင်အနီးတစ်ဝိုက်နဲ့ ကုန်သွယ်ရေးဇုန် အတွင်းပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန် လာတာလို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာတော့ (၁၀၅) မိုင်အနီးတစ်ဝိုက် တိုက်ပွဲ ပြန်လည် ငြိမ်သက်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ သိမ်းပိုက် နိုင်ခဲ့ကြောင်း ဒီနေ့မှာ ထုတ်ပြန်ထားပေမယ့် မူဆယ်တိုက်ပွဲ အခြေအနေကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မူဆယ် (၁၀၅) မိုင်အနီးမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တာရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကို မနေ့က ပြောဆိုထားပါတယ်။
ဒါပေမဲ့ တိုက်ပွဲ အခြေအနေ အသေးစိတ်ကိုတော့ ထည့်သွင်း ပြောဆိုတာ မရှိပါဘူး။
ရှမ်းပြည်နယ် မြောက်ပိုင်းက သီပေါနဲ့ ကျောက်မဲမြို့အကြားက ကျင်သီရွာနဲ့ နောင်ချို ဂုတ်တွင်း လမ်းပိုင်းမှာတော့ နိုဝင်ဘာလ ၂၇ ရက်ဒီမနက်ပိုင်း စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။