စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာမှာ ဇူလိုင်လ ၅ ရက် မနက်ပိုင်းက ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး အရပ်သား ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဇူလိုင်လ ၅ ရက် မနက်ပိုင်းမှာ PDF အကြမ်းဖက်သမားတွေက ကျေးရွာထဲကို လက်လုပ်စိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ၁၅ ဦး သေဆုံးပြီး၊ သံဃာ သုံးပါးနဲ့ အရပ်သား လေးဦး၊ စုစုပေါင်း ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဇူလိုင် ၅ ရက်နေ့က ချက်ချင်း သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ အမည်နဲ့ အသက်အရွယ်ကို အသေးစိတ် ဖော်ပြမထားဘဲ ဒဏ်ရာရသူတွေကို မုံရွာမြို့ စစ်ဆေးရုံမှာ ကုသပေးနေတယ်လို့သာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ သတင်းဌာနဖြစ်တဲ့ People Media ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့ ငွေတွင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ အသက် ၁၂ နှစ်အရွယ် ကလေးအပါအဝင် ကျေးရွာသား ၁၅ ဦးကို PDF တွေက ပစ်သတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါနဲ့ပတ်သက်ပြီး RFA က အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ငွေတွင်းကျေးရွာဟာ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်နဲ့ ပျူစောထီးတွေ အားကောင်းတဲ့ရွာဖြစ်ပြီး စစ်တပ်က လာရောက်တပ်စွဲထားတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့က မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောသလို ဒီအချက်ကို People Media ကလည်း ဖော်ပြထားပါတယ်။
ငွေတွင်းကျေးရွာ တိုက်ခိုက်ခံရမှု၊ ဒေသခံ ၁၅ ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာ ပြန်ကြားရေးတာဝန်ခံက ငွေတွင်းရွာကို PDF မဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တာ မှန်ကန်ပြီး၊ ပျူစောထီးအခြေစိုက်ရာ စစ်ရေးပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ဒီရွာဟာ စစ်တပ်ထောက်ခံတဲ့ ရွာဖြစ်တာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား သေဆုံးထိခိုက်မှု အနည်းအကျဉ်းရှိနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
"တချို့က အရပ်သား ထိခိုက်၊ သေဆုံးနိုင်တဲ့အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီကျောင်းမှာ ပစ်ခတ်မှုဖြစ်နေချိန် ကျွန်တော်တို့ကို ပြန်ပြီးခုခံတာ ရှိတယ်။ အကုန်လုံးက ပျူစောထီးများတယ်။ ဒါပေမဲ့ မဆိုင်တဲ့ ပြည်သူတချို့ကတော့ ထိခိုက်တာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ဘက်ကလည်း ဒါကို တွက်ဆထားပြီးသားပါ။ အနည်းဆုံးဖြစ်အောင် စပြီး စစ်ကြောင်းဝင်ကတည်းက အဘိုးကြီး၊ အဘွားကြီးတွေကို နေရာရွှေ့ပြောင်းပေးခဲ့တာ။ နေအိမ်တွေထဲ ရွှေ့ပေးခဲ့တာ ရှိပါတယ်"
ဘယ်လို စစ်ရေးဆောင်ရွက်ခဲ့သလဲဆိုတာကိုတော့ လုံခြုံရေးအခြေအနေအရ ထုတ်မပြောနိုင်ဘူးလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကလည်း ငွေတွင်းရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေပေါင်းပြီး ပြည်သူပိုင်ကျေးရွာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ အစည်းအဝေးထိုင်နေစဉ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ PDF ပူးပေါင်းအဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အပြန်အလှန် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ လူ ရှစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ ISP (Myanmar) နဲ့ နော်ဝေးနိုင်ငံအခြေစိုက် အော်စလိုငြိမ်းချမ်းရေးစင်တာက ပြီးခဲ့တဲ့ ဇွန်လထဲမှာ အသီးသီး အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပါတယ်။